ငါးပေါင်း
ငါးပေါင်း
ဆီမပါတာမို့ ကျန်းမာရေးနဲညီညွတ်ပြီး ၊ စားလို့လဲကောင်း ၊ လွယ်လဲ လွယ်ကူပါတယ်။
ကြက်သားစွတ်ပြုတ်ချည်း စားနေရတဲ့ ဖျားနာနေတဲ့သူအတွက်လည်း သင့်တော်တဲ့ ဟင်းလေးတခွက်ပါ။
ငါးကိုအရိုးများလို့မစားချင်ပါဘူးဆိုတဲ့သူတွေလည်း မကြောက်နဲ့နော်၊ အသားချည်းသက်သက်ပေါင်းမှာမို့
အရိုးစူးမှာကိုပူမနေရတော့ဘူး ..
လိုအပ်မည့်အရာများကတော့
ငါးအသားချည်းသက်သက် (Cod Fish) ဆိုပြီးဝယ်လို့ရပါတယ်။
ပဲငံပြာရည်အကြည်
ဆား
သကြား
ဂျင်း၊ ကြက်သွန်ဖြူ
ကြက်သွန်မြိတ်
တရုတ်နံနံပင်
ဆီ(ဆီပါမှ ပြည့်စုံတယ်ထင်ရင် တီးစပွန်း ၂ ဇွန်းစာလောက်ထည့်နိုင်ပါတယ်)
ပေါင်းရန်(ဇကာ) ဒါမှမဟုတ် Steamer
ရှင်မင်းဆီမှာပေါက်စီတို့ဘာတို့ပေါင်းတဲ့ဇကာလေးရှိပါတယ်၊ အဲဒါလေးထဲမှာပဲ ခွက်ထည့်ပြီးပေါင်း
ပါတယ်။ ပေါင်းမယ့်အိုးကို ရေထည့်ပြီး အသင့် ရေဆူအောင်တည်ထားပါ။
အရင်ဆုံးငါးကိုသင့်တော်သလောက်အတုံးတုံးပြီး ဆားနဲ့နယ်ပါ။
ခဏကြာကြာနယ်ပြီးရင် ဆားတွေကိုရေဆေးချလိုက်ပါ။ ပြီးရင်ရေစစ်ပြီးအသာဖယ်ထားပါ။
ဂျင်းလက် ၂ ဆစ်လောက်ကိုအချပ်လိုက်လှီးပါ။
ကြက်သွန်ဖြူကိုတော့ မီးခြစ်ဆံချောင်းလေးတွေအရွယ် လှီးထားပါနော်။
ပေါင်းမယ် (ဇောက်နက်တဲ့) ပန်းကန်ထဲ စောစောက လှီးထားတဲ့ထဲက တ၀က်လောက် ဂျင်းကြက်သွန်ဖြူ တို့ကိုခင်းပြီး
ငါးထည့်ပါ အပေါ် ကလည်းကျန်တဲ့တ၀က်ကိုထပ်ထည့်ပါ။
ရေဆူတာနဲ့ အဲဒီဇကာလေးကိုအိုးပေါ်တင်ထားပါ။ (ပေါင်းတဲ့အချိန်က ၁၅ မိနစ်ထက်ပိုမကြာတတ်ပါဘူး)
ငါးပေါင်းနေစဉ်မှာပဲ ပဲငံပြာရည်အကြည်ကိုရေနွေးနည်းနည်း သကြား တီးစပွန်းနဲ့ တဇွန်းလောက်ထည့်ပြီး
သကြားအရည်ပျော်သွားအောင် ဖျော်ပါ။
ကြက်သွန်မြိတ်ကို အမျှင်လေးတွေဖြစ်အောင်လှီးပြီးလက်၂ဆစ်လောက်ဖြတ်ပါ။
တရုတ်နံနံကိုလဲ ကြက်သွန်မြိတ်လောက်အတိုင်းအတာကို လှီးပါ။
ရေနွေးဆူပြီးငါးပေါင်းနေစဉ်ငါးအသားတွေဖြူလာပြီး တဖြည်းဖြည်းကျက်လာပါလိမ့်မယ်။
ငါးအမျိုးအစားပေါ်မူတည်ပြီး ပေါင်းတဲ့အချိန်ကြာလိမ့်မယ်ထင်ပါတယ်။
၁၅မိနစ်လောက်ကြာတာနဲ့ မီးမပိတ်ခင်လေး စောစောက ပဲငံပြာရည်နဲ့သကြားအရည်ကိုလောင်းချပါ။
ကြက်သွန်မြိတ်နဲ့ တရုတ်နံနံပင်တို့ကိုအုပ်ပါ။
ဆီ တီးစပွန်း ၂ ဇွန်းလောက်ကို ဒယ်အိုးပူပူမှာ အမြန်မီးပေးပြီး အငွေ့တက်လာတာနဲ့
ငါးပေါင်းပေါ်ကို လောင်းချလိုက်ပါ။
ဒါဆိုရင် အရသာရှိပြီး၊ အဆီလည်းနည်းတဲ့ ကျန်းမာရေးညီညွတ်တဲ့ ငါးပေါင်းဟင်းရပါပြီရှင်။
်အချိုအရသာရှိတာမို့ ချဉ်ချဉ်စပ်စပ်ဟင်းအမယ်များနဲ့ စားသုံးရင်လိုက်ဖက်ပါတယ်။
11:51 | Labels: ငါး, ငါးတရုတ်ချက်, ငါးအချိုချက်, ငါးပေါင်း | 0 Comments
ခရမ်းသီးနှပ်

ခရမ်းသီးနှပ်
ဒီတပတ်ရုံးပိတ်ရက်၊ကျောင်းပိတ်ရက် ဘာချက်ရမှန်းမသိသူတွေအတွက် ခရမ်းသီးလေးနှပ်ပေးမယ်လို့စိတ်ကူးမိပါတယ်။
ခရမ်းသီးနှပ်ကတော့ မြန်မာအဆန်ဆုံး နဲ့ အလွယ်ဆုံး ဟင်းချက်နည်းလို့တောင်ပြောရမလိုဘဲ။
ခရမ်းသီးရှာရတာ မခက်သလို၊ ပါဝင်တဲ့အဆာတွေကလဲ အိမ်မှာအသင့် ရှိနေတတ်တာမို့ မြန်လဲမြန်
စားလို့လဲထမင်းမြိန်တဲ့ဟင်းတခွက်ပါ။
လိုအပ်တဲ့ ပစ္စည်းတွေကတော့
ခရမ်းသီး ၂ လုံး (ခရမ်းသီး ၂ မျိုး ရှိပါတယ်။ တစ်မျိုးကတော့ အရောင်ရင့်ပြီး ခပ်ကြီးကြီး အစားမျိုးပါ၊ နောက်တမျိုးကတော့
ခပ်ရှည်ရှည် နဲ့ ခရမ်းရောင် အစားမျိုးပါ) မြန်မာပြည်မှာတော့ ဒုတိယအမျိုးအစားကို စားတတ်ကြပါတယ်။ ဒီဘက်မှာတော့
တခါတရံမှတွေ့ရတတ်ပါတယ်။ နှစ်မျိုးလုံးကောင်းပါတယ်။ ဒါပေမဲ့ ခပ်ကြီးကြီးအစားမျိုးဆိုရင်တော့ ကျက်အောင် နည်းနည်း
ပိုစိတ်ရှည်ရပါမယ်၊ သူက ထူပြီး အလုံးကြီးလို့ပါ။
ပုဇွန်ခြောက်မှုန့် (သို့) ပုဇွန်ခြောက်အကောင်
အရောင်တင်ငရုပ်သီး
ကြက်သွန်နီ / ကြက်သွန်ဖြူ
နနွင်း
ဆား
(အနှစ်များများလိုချင်ရင် ကြက်သွန်နီများများထည့်ရပါမယ်)
ကြက်သွန်နီ တို့ကိုစိပ်စိပ်လှီးပါ။
ကြက်သွန်ဖြူကိုလည်း အခြပ်လိုက်လှီးပါ။
ခရမ်းသီးအစာသွပ်ရန်လက်ကို စင်ကြယ်အောင်ဆေးကြောပါ။
ခရမ်းသီး များကိုရေဆေးပြီး ထိပ်ပိုင်းမှစပြီး လေးပိုင်းစိပ်ပြီး ထက်ဝက်ကျော်ခန့်ခွဲပါ၊ အရင်းထိမခွဲဘဲ အစာသွပ်နိုင်ရန်အတိုင်းအတာထိ
ခွဲရပါမယ်။ နှပ်မည့်ဒယ်အိုးထဲသို့ပုဇွန်ခြောက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ဆား၊ နနွင်း ၊ အရောင်တင်မှုန့် နှင့် ဆီ တို့ကိုထည့်ပြီးနယ်ပါ။
အဆာတွေသမ သွားရင် ခရမ်းသီး ထိပ်မှဖွင့်ကာ အဆာများကိုသိပ်ပြီးထည့်ပါ။ ခရမ်းသီးပုံမပျက်ရန်တောင် သတိထားထည့်ပါ။
ဒယ်အိုးထဲသို့ နယ်ထားသောလက်ကို ရေနည်းနည်းဖြင့်လောင်းချပြီးထည့်ပါနော်။
ပြီးလျှင် ဒယ်အိုးကိုအဖုံးအုပ်၍ မီးအေးအေးဖြင့် နှပ်ထားရပါမယ်။
မကြာခဏ ဒယ်အိုးမကပ်အောင် ရေနည်းနည်းစီထည့်ပြီး နေရာရွေ့ပေးပါ။ ခရမ်းသီး နူးလာတာနဲ့အမျှ ပုံပြက်တတ်တာမို့
ဂရုပြုပြီး ပုံမပြက်အောင် အသာအယာရွေ့ရပါမယ်။
ခရမ်းသီးများနွမ်းပြီး ပုဇွန်ခြောက်နံသင်းလာလျှင် အရသာအသင့်အတင့် မြည်းစမ်းပြီး ချလို့ရပါပြီ။
ခရမ်းသီးအကြီးစားမျိုးဆိုလျှင် နည်းနည်းအချိန်ပိုကြာတတ်ပါတယ်နော်။
ငရုပ်သီးစိမ်းကြိုက်တတ်လျှင်မချခင်လေး ငရုပ်သီးစိမ်းများ ထက်ခြမ်းခွဲထည့်နိုင်ပါတယ်။
ခရမ်းသီးနှပ်မှာ အဆိမ့် နှင့် အချို အရသာ ဓါတ်ရှိသောကြောင့် မုန်လာဥချဉ်ဟင်း၊ ကန်စွန်းရွက်ချဉ်ဟင်း၊ ကင်ပွန်းချဉ်ဟင်း စသည့်
ချဉ်ဟင်းရည်များ ၊ ငခြောက်ထောင်းကြော် ၊ ငပိကြော်စသည့် အငံ ဟင်းအမယ်များနှင့် တွဲဖက်စားသုံးက လိုက်ဖက်ပါသည်။
11:56 | Labels: ခရမ်းသီးနှပ် ဟင်း ခရမ်းသီး | 0 Comments
ရှမ်းထမင်းချဉ်

ရှမ်းထမင်းချဉ်
ဒီတခါ ထမင်းရော၊ အသားရော၊ ဟင်းသီးဟင်းရွက်ပါ ပါတဲ့ ရှမ်းထမင်းချဉ်
လုပ်စားရအောင်။
လိုအပ်တာတွေကတော့
ငါး
ခရမ်းချဉ်သီး
ငရုပ်ဆီ
ငရုပ်သီးအခြောက်တောင့်
ကြက်သွန်ဖြူ ဆီချက်
ငံပြာရည်
နံနံပင်
သံပုရာသီး
Knorr ကြက်သားအမှုန့် (သို့) Knorr ကြက်သား အတုံး
ထမင်းဖြူ တို့ဖြစ်ပါတယ်။
အရင်ဆုံးထမင်းကိုချက်ပါတယ်၊ ထမင်းချက်နေတုန်းမှာပဲ ထမင်းကျက်ရင် ရောရမယ့်
လိုအပ်တဲ့ အဆာတွေကိုအသင့်ပြင်ထားရပါမယ်။
ခရမ်းချဉ်သီး (အလုံးကြီး)လေးငါးလုံးလောက် ပြုတ်ထားရပါမယ်။ ခရမ်းချဉ်သီး အခွံလေး
တွေအက်လာရင် ချလို့ ရပါပြီ။ နည်းနည်းအေးအောင် စောင့်ပြီး ခရမ်းချဉ်သီး အခွံတွေခွာ
ရပါမယ်။ ခရမ်းချဉ်သီး အစေ့တွေပါ ထုတ်ပစ်ရပါတယ်။ ခရမ်းချဉ်သီးကို နည်းနည်းထပ်ချေ
လိုက်ပါနော်။
ငါးကို ဂျင်း၊ ဆား နဲနဲ နဲ့ ပြုတ်ရပါမယ်။ ငါး ကျက်တာနဲ့ အအေးခံပြီး အရိုးများထွင်းပြီး အသား
များကိုချေထားပါ။
ကြက်သွန်ဖြူ ကိုအ၀ိုင်းလေးတွေလှီးပြီး ဆီချက် ချက်ထားရပါမယ်။
အဲဒီအတိုင်းပဲ ငရုပ်ဆီ ဆီချက်ကို ငရုပ်သီးအရောင်တင်မှုန့်နဲ့ချက်ပါ။
မီးသိပ်မပြင်းဖို့ နဲ့ ငရုပ်သီးမှုန့် မကျွမ်းသွားအောင် ဂရုပြုရပါမယ်။
အားလုံးအဆင်သင့်ဖြစ်နေလောက်ရင် စနယ်လို့ရပါပြီ။
ယောင်းမ ၊ဒါမှမဟုတ် ဇွန်း ကိုသုံးလို့ရပါတယ်။
အရေးအကြီးဆုံးကတော့ ထမင်း ပူနေတုန်း နယ်ရမှာပါ။ ထမင်းကျက်တာနဲ့
ထမင်းကို ဖွပေးပါ။ထမင်း ပူနေတုန်း အငွေ့ထောင်းထောင်း ထနေတုန်းမှာ
နယ်ရမှာဖြစ်ပါတယ်။
စောစောက ချေထားတဲ့ ငါး နဲ့ ခရမ်းချဉ်သီး ကိုထည့်ရပါမယ်။
တဆက်တည်း ငရုပ်သီးဆီချက်ကိုပါထည့်ပါ။
ကြက်သားအမှုန့် ထည့်ပါ။
ထမင်း ကို အဆာတွေနဲ့သမအောင် နယ်ပါ။ အပေါ့အငံ မြည်းရင်း လိုအပ်ရင် ဆား
နဲနဲထည့်ပါ။ ထမင်းတွေ ပုံစံခွက်ထဲထည့်လို့ ရလောက်အောင်စီးကပ်လာပါလိမ့်မယ်။
ပြီးတာနဲ့ မိမိလိုချင်တဲ့ ပုံစံခွက် ထဲကို ထမင်းကိုထည့်ပါ။
များသောအားဖြင့် ဟင်းချိုခွက်လေးတွေထဲထည့်တတ်ကြပါတယ်။
ထမင်းကိုအတင်းဖိပြီးမထည့်ပါနဲ့နော်၊ အသာအရာထည့်ပြီးတာနဲ့ ပန်းကန်းကြီးကြီး ၊
ဒါမှမဟုတ် လင်ပန်း ကိုရေခြောက်နေအောင် သုတ်ပြီး အပေါ်ကနေ ပုံစံခွက်ကို
မှောက်ချပါ။
အသာအရာ မ လိုက်ပါ။ လှလှပပ ရှမ်းထမင်းချဉ် လေးထွက်လာပါလိမ့်မယ်။
ထမင်းတွေကုန်တဲ့အထိ ပုံသွင်းပါနော်။
စားခါနီးမှာ ထမင်းပုံလေးတွေပေါ်မှာ နံနံပင်၊ ငရုပ်သီးခြောက်ကျော်၊ ကြက်သွန်ဖြု
ဆီချက် တိုနဲ့ပြင်ဆင် စားသုံးနိုင်ပါတယ်။ အအီပြေအနေနဲ့ ထမင်း ပေါ်မှာ သံပုရာသီးညစ်
ပြီးပေါ့နေရင် ငံပြာရည်စတာတွေ သင့်သလို ထည့်ပြီး တော့လဲစားသုံးနိုင်ပါတယ်။
ရှမ်းထမင်းချဉ် နဲ့ အတူ တွဲဖက် စားသုံးဖို့လိုက်ဖက်တဲ့ အမယ်များကတော့
ရှမ်းချဉ်၊ ဂျုးမြစ်ကြော် နဲ ပဲပုပ်ကြော် ၊ ငရုပ်သီးကြော် နဲ့ ရေနွေးခြမ်းတို့ပဲဖြစ်ပါတယ်။
11:45 | Labels: ငါး, ထမင်း, ရှမ်းထမင်းချဉ် | 1 Comments
ကိုရီးယား ရေမန်(Ramen) ခေါက်ဆွဲပြုတ်
ကိုရီးယား ရေမန်(Ramen) ခေါက်ဆွဲပြုတ်
ခေါက်ဆွဲပြုတ်များ လူတိုင်း ပြုတ်တတ်တာပေါ့နော်။
တခါတလေ ခေါက်ဆွဲပြုတ် ချည်းစားရတာ ငြီးငွေ့ကြမယ်ဆိုရင် ဖွယ်ဖွယ်ရာရာလေးဖြစ်အောင်
ထည့်ပြုတ်ရင် စားရတာလဲကောင်းပြီး အာဟာရ လဲရတာပေါ့။
ရှင်မင်းက ဟင်းသီးဟင်းရွက်၊ ကြက်ဥပြုတ်၊ ဂဏန်းအတုအချောင်း၊ ကင်းမ်ချီ စတဲ့ အဆာတွေ
အဆင်ပြေသလိုထည့်စားတတ်ပါတယ်။
အဓိက ကတော့ ဟင်းသီးဟင်းရွက် တွေထည့်စားတာကို သဘောကျပါတယ်။
တကူးတက ဟင်းသီးဟင်းရွက် စားရမှာ ၀န်လေးတယ်ဆိုရင် ခေါက်ဆွဲပြုတ်ထဲသာ ထည့်စား
လိုက်တာဗီတာမင်လဲရတယ်၊ စားရတာလဲ ပိုကောင်းပါတယ်။
တနေ့ကတော့ ရာသီဥတုကလဲအေး ၊ ဗိုက်ကလဲဆာ တာနဲ့ မနက်စာရော နေ့လည်စာပါ
ပေါင်းစာမယ်ဆိုပြီးမီးဖိုချောင်မှာ မွေနှောက်ကြည့်ပါတယ်၊ ချမ်းချမ်း နဲ့မို့ ပူပူစပ်စပ် စားချင်
နေတာနဲ့လွယ်လဲလွယ်မြန်လဲမြန်တဲ့ ကိုးရီးယား ခေါက်ဆွဲထုပ်လေး ပြုတ်စားဖို့ ပြင်ဆင်
လိုက်ပါတော့တယ်။ကိုးရီးယားခေါက်ဆွဲသား က တခြားယိုးဒယား တို့ မလေးရှားတို့က
ခေါက်ဆွဲတွေထက် ခေါက်ဆွဲသားပိုနူးညံ့ပါတယ်။
ပိုလဲ ပိုထူပြီး၊ ခေါက်ဆွဲထုပ်လဲပိုကြီးပါတယ်။ ဗိုက်ပိုဝတာပေါ့နော်။
တခြား ယိုးဒယားခေါက်ဆွဲထုပ်တွေထက်တော့နည်းနည်းဈေးပိုကြီးပါတယ်။
ရှင်မင်း အကြိုက်ဆုံးအရသာတွေက ကင်းမ်ချိ ၊ ဆီးဖု၊ ဟောပ်အန်စပိုင်းစီး၊ စတဲ့
အရသာတွေပါ။
အရင်ဆုံး ပြုတ်မယ့် အိုးထဲ ရေနွေးတည် ပါတယ်။ ရေနွေး ဆူလာပြီဆို ခေါက်ဆွဲ ကို ၂ ခေါက်ချိုးပြီး
ထည့်ပါတယ်။
တိုတိုစားချင်ရင် သုံးခေါက်ချိုးလဲရပါတယ်၊ ပုံမှန် ခေါက်ဆွဲ ကို တူနဲ့ ဆွဲစားရတာ
သဘောကျရင်တော့ မချိုးနဲ့ပေါ့နော်။
ခေါက်ဆွဲ ပြူတ်နေတုန်း ကိုယ်ထည့်စားချင်တဲ့ အသီးအရွက်တွေ လှီးချွတ် ရေဆေးလုပ်ပါတယ်။
တခါတလေ ပဲပြားလေးတွေ ထည့်စားရင်လဲ ကောင်းပါတယ်။
ရှင်မင်းကတော့ ပပ်ချွိုင် တွေအသင့်ရှိနေတာနဲ့ သုံးပိုင်းပိုင်းထည့်လိုက်ပါတယ်။
ခပ်စိမ်းစိမ်းစားချင်ရင်တော့ နည်းနည်းနောက်ကျမှ ထည့်ပေါ့နော်။
ပြီးရင် ခေါက်ဆွဲ ထုပ်ထဲမှာပါတဲ့ အမှုန့်ထုပ်လေးတွေထည့်ပါတယ်။
ချခါနီးကြမှ Crab Stick လို့ ခေါ်တဲ့ ဂဏန်းအတုအချောင်း လေး ၂ ချောင်းထည့်ပါတယ်။
အချဉ်အစပ်လေး တည့်အောင် ကျန်နေသေးတဲ့ ကင်းမ်ချီလေး ပန်းကန်ထဲထည့်ပြီး တွဲစား
ဖြစ်ပါတယ်။
ဗိုက်ကလဲဆာဆာ၊ ရာသီဥတုကလဲ အေး ၊ ခေါက်ဆွဲ ကလဲ အငွေ့ တထောင်းထောင်းနဲ့ မို့
ှဗိုက်ဆာပြီး ဘာစားရမှန်းမသိဖြစ်နေသူများ အလွယ် စားသုံး နိုင်ပါပြီ ရှင်...
17:16 | Labels: ကိုရီးယား ရေမန် (Ramen), ခေါက်ဆွဲ | 0 Comments
မျှစ် နဲ့ ကြက်သား အုန်းနို့ချက်

မျှစ် နဲ့ ကြက်သား အုန်းနို့ချက်
ပါဝင်သော အရာများ
ကြက်သား
မျှစ်
အုန်းနို့
ငံပြာရည်
ငရုပ်သီးအနီတောင့်
ယိုးဒယား အနီရောင် ဟင်းနှစ် (Thai Red Curry Paste)
Basil Leaves , Mint Leaves (သို့မဟုတ်) ရှောက်ရွက်
ငရုပ်ကောင်းမှုန့်
အရင်ဆုံးကြက်သား ကို လက်တစ်ဆစ်လောက် (သို့) လိုသလိုတုံးပါ၊ ကြက်သား
အသားချည်းပဲဖြစ်ဖြစ် အရိုးနဲ့ အသားဖြစ်ဖြစ် နဲ့ချက်နိုင်ပါတယ်။
မူရင်း Recipe မှာတော့ အသားနဲ့ ချက်ထားပါတယ်၊ ရှင်မင်းကတော့ကြက်ကောင်
တ၀က်လောက် ခုတ်ထစ်ပြီး အရိုးအသားမျှပြီးချက်ပါတယ်။
အရင်ဆုံး အုန်းနို့ အမုန့်ကိုရေနွေးလေး နဲ့ ဖျော်ပါတယ်။ အုန်းနို့ ဘူးတွေလည်း
သုံးလို့ရပါတယ်။ အုန်းနို့က ကြိုက်ရင်ကြိုက်သလို များများထည့်ပါနော်။
ချက်မယ့်အိုးထဲကို အုန်းနို့ရည်ဖျော်ထားတာ တ၀က်ထည့်ပါတယ်
မီးပြင်းပြင်းနဲ့ မွေပေးပါ။ အုန်းနို့တွေ ပြစ်လာရင်၊ ယိုးဒယား အနီရောင်ဟင်းနှစ်
(Red Curry Paste)ထည့်ပါ။တီးစပွန်း နဲ့ ၄ ဇွန်းကျော်ကျော်ထည့်ပါတယ်။
Red Curry Paste ပုလင်းတွေကို ယိုးဒယား ဆိုင်၊တရုတ်ဆိုင်တွေမှာ အလွယ်တကူ
ဝယ်နိုင်ပါတယ်။ဟင်းအိုးကပ်မသွားအောင် ပုံမှန်မွှေပေးရပါတယ်။
သမသွားရင် ကြက်သား၊ ငံပြာရည် ထည့်ပါ။
ကြက်သား ထည့်ပြီး ၃ မိနစ်ကနေ ငါးမိနစ်လောက်ထည့် မွှေရပါတယ်။
ကြက်သား အရောင်ပြောင်းလာရင် ၊ ကျန်တဲ့ အုန်းနို့ရည်တ၀က် နဲ့ မျှစ်ကို ထည့်ပါတယ်။
မျှစ်ကိုလည့်း အသင့် ဘူး လှီးပြီးသား ၀ယ်နိုင်ပါတယ်၊ ဒါမှမဟုတ် မျှစ်တုံးကို လက်နှစ်ဆစ်
စာလောက်အပြားလိုက်လှီးပြီးထည့်ပါ။
ရေအနည်းငယ်ထည့်ပြီး မီးအရှိန်ပုံမှန်လေးနဲ့ နှပ်ထားရပါမယ်။
ဟင်းအိုးချခါနီးမှာ ငရုပ်သီး အနီတောင့်လေးတွေကိုလှီး ထည့်ပါ။
ဟင်းအိုးချပြီးရင် ရှောက်ရွက် ၊ Basil နဲ့ Mint အရွက်များလိုသလိုထည့်စားနိုင်ပါတယ်။
ခပ်ပူပူလေးစားချင်ရင် ငရုပ်ကောင်းမှုန့်ခပ်ပြီးစားသုံးနိုင်ပါတယ်။
ယိုးဒယား မျှစ် နဲ့ ကြက်သား အုန်းနို့ချက်ကို သင်္ဘောသီးထောင်း ၊ ခရမ်းချဉ်သီးသုပ် စတဲ့
ချဉ်ချဉ်စပ်စပ် အသုပ်တွေနဲ့ စားသုံးရင် လိုက်ဖက်ပါတယ်ရှင်။
20:22 | Labels: Bamboo Shoot, Chicken, Thai food, Thai red curry, ကြက်သား, မျှစ် နဲ့ ကြက်သား အုန်းနို့ချက် | 0 Comments
မြီးရှည်လုပ်နည်း
မြီးရှည်လုပ်နည်း
တနေ့က ၀ိုင်မှာ မြှီးရှည်လုပ်နည်းပြောပြဖို့ တောင်းလာလို့ စာအုပ်ထဲက ရှာဖွေထားတာလေး ကူးပြီးတင်ပေးတာပါ။
ဆန်ကြာဆံနန်းလိပ် ( အခြောက်) တစ်ပိဿာ
ဝက်ပေါင်သား (သုံးထပ်သား) တစ်ပိဿာ (၀က်သား မစားသူများ ကြက်သား သုံးပါ)
ငံပြာရည်အကြည် လက်ဖက်ရည်ပန်းကန် နှစ်လုံး
ကော်မှုန့် (သို့မဟုတ်) ဂျုံအနုစား တစ်ဆယ်သား
ပဲပင်ပေါက် တစ်ပိဿာခွဲ
ကျန်မဆိုင် + ပဲငပိ သင့်ရုံ
တရုတ်နံနံ - ရှောက်ရွက် ငါးစည်းစီ
ချင်း လေးကျပ်သား
ကြက်သွန်ဖြူ + ငရုပ်ပွ တစ်ဆယ်သားစီ
ဆီ သုံးဆယ်သား
ချဉ်ဆော်ကား လက်ဖက်ရည် ပန်းကန်နှစ်လုံး
ဆောင်ရွက်နည်းမှာ။ ။ ဆန်ကြာဆံကို နူးအောင်ပြုတ်ပြီး ရေစစ်ထားလေ။ ၀က်သားကို အရွယ်သင့် လှီးပြီး ပြုတ်ထားလေ။ ပဲပင်ပေါက် ကိုလည်း ရေနွေးဖျောထားရမည်။
ကြက်သွန်ဖြူ ငါးဥကို ပါးပါးလှီးကာ ဆီချက်ထားလေ။ ငရုပ်ခြောက်များကိုလည်း ငရုပ်သီးချက် ချက်ထားလေ။ ကော်ရည်လည်း ကျိုထားလေ။
အဆင်သင့်ဖြစ်ပြီ။
ပွဲပြင်ရန်အတွက် ပြုတ်ပြီးကြာဆံကို လက်ကိုင်ပါရှိသော ဆန်ခါ တွင်ထည့်ကာ ၀တ်ပြုတ်ရည်အိုးထဲတွင် တစ်အောင့်မျှ ပြုတ်ပြီး နောက် ဆယ်ပါ။
ရေစစ်လျှင် ပန်းကန်ထည့်ပြီး ပြင်ပါ။ ၀က်သား တစ်ဖတ်၊ တရုတ်နံနံ၊ ရှောက်ရွက်၊ ငရုတ်ဆီကျက်၊ ကြက်သွန်ဖြူရည်၊ ချင်းရည်၊ ကြက်သွန်မြိတ်၊
ပဲငံပြာရည်၊ ပဲပင်ပေါက်၊ ကော်ရည်၊ ပဲငါးပိ နည်းနည်းစီထည့်ပါ။
ဆီကျက်ကိုလည်း သင့်ရုံထည့်ပါ။ ယင်းနှင့်တွဲဖက်ရန်အတွက် ၀က်ပြုတ်ရည်တွင် ပဲပင်ပေါက်အနည်းငယ်ထည့်၍ ဟင်းချိုတစ်ပွဲ ပြုလုပ်ပါ။
ဝက်အရိုးများများထည့်လျှင် ပို၍ချိုပြီး အရသာမှာ ပိုမိုထူးကဲ လှပါသည်။
12:02 | Labels: Mee Shay, မြှီးရှည်, အသုပ် | 1 Comments


