Showing posts with label ညှပ်ခေါက်ဆွဲ. Show all posts
Showing posts with label ညှပ်ခေါက်ဆွဲ. Show all posts
ရှမ်းခေါက်ဆွဲ
ရှမ်းခေါက်ဆွဲအတွက် လိုအပ်တဲ့အရာတွေကတော့
ညှပ်ခေါက်ဆွဲ (နန်းသေး)
ကြက်သား (သို့မဟုတ်) ၀က်သား
မြေပဲဆံထောင်း
ကြံမဆိုင်
ပဲငါးပိ
ကြက်သွန်မြိတ်
ခရမ်းချဉ်သီး
ဆား
နနွင်း
ကြက်သွန်ဖြူ၊ နီ
ငရုတ်သီးမှုန့်(အရောင်တင်)
ပဲငံပြာရည်အကြည် တို့ပါပဲ။
ရှမ်းခေါက်ဆွဲဖတ် အစေးကတော့ ၇ှာရမလွယ်တာမို့၊ သူ့အစား ညှပ်ခေါက်ဆွဲ အသေးစား
အခြောက်ထုပ်လေးတွေ ၀ယ်နိုင်ပါတယ်။ ယိုးဒယား က လာတာပါ၊ ပုံမှန် ညှပ်ခေါက်ဆွဲထက်
တ၀က် ကနေ သုံးပုံတပုံသာ ရှိပါတယ်။ အရင်ဆုံး ရေနွေးဆူဆူမှာ အဖတ်ကိုပြုတ်ပြီး၊ နူးလာ
ရင်ရေးအေး ထဲ ဆေးချပြီး ဖယ်ထားရပါမယ်။
ပဲငပိ အစား ရှင်မင်းကတော့ တရုတ်ပြည်ကလာတဲ့ ငရုတ်ဆီ ပဲငပိပုလင်းကို သုံးပါတယ်။
ကြက်သွန်ဖြူဆီချက် တပွဲ၊ ကြံမဆိုင် ပါးပါးလှီးထားတာ တပွဲ၊ ကြက်သွန်မြိတ် ပါးပါးလှီးထား
တာတပွဲ နှင့် မြေပဲဆံထောင်းထားတာတပွဲတို့ကို အသုပ်သုပ်စားဖို့ အသင့်ပြင်ထားရပါမယ်။
ချက်မယ့်အသား ကို အတုံးသေးသေးလေးတွေလှီးပြီး ၊ နုတ်နုတ်စင်းပေးရပါမယ်။ တဆက်တည်း
ခရမ်းချဉ်သီး သုံးလုံးခန့် ကိုရေနွေးဆူဆူမှာထည့်ပြုတ်ပါ။ အသားကနေ ကျန်တဲ့အရိုးတချို့ ကိုဟင်း
ချို ချက်လို့ရပါတယ်။ ခရမ်းချဉ်သီး ပျော့လာရင် ဆယ်ပြီး၊ အေးသွားချိန်မှာ အခွံခွာပြီး၊ ချေလိုက်ပါ
တယ်။
ဆီအိုးတည်ပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့နဲ့ ကြက်သား ကိုဆီသပ်ပါတယ်။ ပြီးလျှင် ခရမ်းချဉ်သီး
အနှစ်ထည့်၊ ငရုတ်သီး အရောင်တင်မှုန့် ဆား စတာတွေ ထည့်ပြီး ရေအနည်းငယ်ထည့်ကာ အုပ်ထား
ရပါမယ်။ ဆားအပေါ့အငံမြည်းပြီး အသားကျက်လောက်တဲ့အထိ ရေစပ်စပ်ကလေးထည့်ရင်းချက်
ပေးပါ။ ဆီဝေ့တက်လာပြီး အနှစ်ဆန်ဆန် ဖြစ်လျှင် ချလို့ရပါပြီ။
သုပ်မယ့် ပန်းကန်ထဲ ကို မုန့်ဖတ်၊ အသား၊ ကြံမဆိုင်၊ မြေပဲ၊ ကြက်သွန်ဖြူဆီကျက်၊ ပဲငံပြာရည်၊
ပဲငပိ နှင့် ကြက်သွန်မြိတ် တို့ကိုထည့်ပါတယ်။ ပြီးလျှင် အသာအယာနယ်ပြီး အပေါ့အငံမိမိလိုသလို
ထည့်ပြီးစားသုံးနိုင်ပါတယ်။
(အထက်ပါ ချက်နည်းမှာ တီဗွီတိုင်းရင်းသား အစီအစဉ်တခုမှ မိမိမှတ်မိသလောက်ပြန်လည် ဖတ်မှတ်ချက်ပြုတ်ထားသောကြောင့် လိုအပ်ချက်၊အမှားအယွင်း၊နည်းလမ်းမကျတာများရှိခဲ့လျှင် သည်းခံကြပါရန်။)
19:42 | Labels: ညှပ်ခေါက်ဆွဲ, ရှမ်းခေါက်ဆွဲ, ခေါက်ဆွဲ | 4 Comments
မြိတ်ကတ်ကြေးကိုက်
အောက်တိုဘာလ ၁၁ရက်နေ့က ကိုဇ တောင်းဆိုထားတဲ့ မြိတ်ကတ်ကြီးကိုက်လေး
တင်ပေးလိုက်ပါတယ်။ အဆာတွေ ပြည့်ပြည့်စုံစုံမရှိသေးတာရယ်၊ ရှင်မင်းမအားတာ
ရယ်နဲ့ အတော်လေးကြာမှ တင်ပေးနိုင်တာ ကို အားနာမိပါတယ်။
တောင်းပန်ပြီးသကာလ ၊အစားအစာတွေထဲမှာ မြိတ်ကတ်ကြေးကိုက် ဟာ ရှင်မင်း
အနှစ်သက်ဆုံး အစားအစာတမျိုးပါ။ ရန်ကုန် အိမ်တွင်းမှုကျောင်းနားက မြိတ်
မောင်တိတ်ဆိုင်ကို ငယ်ငယ်တည်းက ခဏခဏ သွားစားဖြစ်ပါတယ်။ ကတ်ကြေးကိုက်
နဲ့ အတော်ဆင်တဲ့ ညှပ်ခေါက်ဆွဲကြော်ကို မလေးရှား၊ စင်္ကာပူစတဲ့ နိုင်ငံများမှာလည်း
char kway teow အမည်နဲ့ စားတတ်ကြပါသေးတယ်။
ကက်ကြေးကိုက် ကြော်မယ်ဆိုရင် လိုအပ်တဲ့အရာတွေကတော့
ညှပ်ခေါက်ဆွဲ
ပဲငံပြာရည်အနောက် (ကြာညို့ )
ပအုန်းရည်
ပဲပြုတ်
ကြက်သွန်မြိတ်
ပဲတီပင်ပေါင်
ပုဇွန်
ပြည်ကြီးငါး
ကြက် (သို့ ) ၀က်အူချောင်း
ကြက်ဥ
အရောင်တင် ငရုတ်သီးမှုန့်
ဆား တို့ပါပဲ။
ပဲပြုတ်အစား green pea ကိုလဲ သုံးနိုင်ပါတယ်။ ပအုန်းရည်အစား
ရှာလကာရည် ကိုလဲအစားထိုးနိုင်ပါတယ်။ အသားကတော့ ပုဇွန်
မဟုတ်ဘဲ မိမိကြိုက်နှစ်သက်တဲ့ ကြက်သား၊ ၀က်သားတို့ကိုလဲ
ထည့်နိုင်ပါတယ်။
အရင်ဆုံး ညှပ်ခေါက်ဆွဲ ကို ပြုတ်ပါတယ်။ သိပ်မပျော့ခင် ခပ်မာ
မာ အချိန်လောက်မှာ အိုးကိုချလိုက်ပါ။ ကြော်တဲ့ အခါမှာ သိပ်
ပျော့သွားမှာစိုးလို့ဖြစ်ပါတယ်။ ရေစစ်ပြီး ညှပ်ခေါက်ဆွဲကို
ပဲငံပြာရည်အနောက် ၊ ဆားတို့နဲ့  နယ်ထားလိုက်ပါတယ်။
ဆီ အိုးတည်ပြီး ပဲတီပင်ပေါက်၊ ပုဇွန် ဆားအနည်းငယ်နယ်ထား
တာတို့ကို ရောကြော်ပါတယ်။ ပုဇွန်အနည်းငယ်ကွေးသွားတာနှင့်
အဆာတွေကိုသပ်သပ်ဖယ်ပြီး ညှပ်ခေါက်ဆွဲ ကို ငရုတ်သီးအရောင်
တင်မှုန့် ထည့်ကြော်ပါ။ ရေအနည်းငယ်ထည့်ပြီး ကြော်ပါ။ တဆက်
တည်းရှာလကာရည်အနည်းငယ်၊ ဆားအနည်းငယ် တို့ကို ထည့်ပါ။
ကြိုက်တတ်လျှင် ပုဇွန်ငါးပိအနည်းငယ်ထည့်နိုင်ပါ
ဆွဲ အနေတော်လောက်ဆိုလျှင် ၊ စောစောက ကြော်ထားတဲ့ ပဲတီပင်
ပေါက် နှင့် ပုဇွန်တို့ကိုပါ ထည့်ကြော်ပါ။ ကြက်ဥခေါက်ထားတာကိုပါ
ရောကြော်ပါ။ ပဲပြုတ်ထည့်ပါ။ နောက်ဆုံးအနေနှင့် ကြက်သွန်မြိတ်
၁၀ပင်လောက်ကိုလက်နှစ်ဆစ်ခန့် အရှည်လှီးထားတာကို ဖြူးလိုက်ပါ။
ကြက်အူချောင်း (သို့ ) ၀က်အူချောင်းကြော်ထားတာကို ကတ်ကြေးကိုက်
နှင့် တွဲဖက်သုံးဆောင်ပါက အလွန်လိုက်ဖက်လှပါတယ်။
13:23 | Labels: ညှပ်ခေါက်ဆွဲ, မြိတ်ကတ်ကြေးကိုက် | 5 Comments
Subscribe to:
Posts (Atom)
