Showing posts with label ပင်လယ်စာထုပ်. Show all posts
Showing posts with label ပင်လယ်စာထုပ်. Show all posts

ပင်လယ်စာထုပ်

ယိုးဒယား Seafood packet ဆိုတဲ့ ချက်နည်းလေးကို စိတ်ဝင်စားတာနဲ့
တရက် စမ်းကြည့်ဖြစ်ပါတယ်။ ထူးထူးဆန်းဆန်း ဆော့ရမယ်ဆို စိတ်အား
ထက်သန်တာနဲ့ အပျင်းပြေလုပ်စားဖြစ်ပါတယ်။ ပါဝင်တဲ့ အမယ်တွေကလဲ
ရှာရသိပ်ခက်ခက်ခဲခဲ မဟုတ်လို့၊ ရှင်မင်းမကြာခဏလုပ်စားဖြစ်မယ့် အစား
အသောက်တမျိုးပါပဲ။ ရေနွေးငွေနဲ့ ပေါင်းရပြီး၊ ဆီကြော်မဟုတ်တဲ့အတွက်
အဆီအအိမ့် မစားချင် သူများအတွက်ပါ သင့်လျော်လှပါတယ်။

ပင်လယ်စာထုပ်အတွက် လိုအပ်တဲ့အရာတွေကတော့

ပုဇွန် အလတ် ၁၀ကောင်
ဂဏန်းအတု ၆ ချောင်း
မျှစ် လက်တဆုပ်စာခန့်
နှမ်းဆီအနည်းငယ်
ကြက်သားအမှုန့် တဇွန်း
ငံပြာရည်
ပဲငံပြာရည်အကြည်
ဂျင်းလက်တဆစ်
ကြက်သွန်မြိတ်
နံနံပင်
Rice sheet ၁၂ ရွက်တို့ပါပဲ။

အရင်ဆုံး အဆာတွေဖြစ်တဲ့ မျှစ်၊ ဂဏန်း တို့ကို အချောင်းလေးတွေခပ်
သေးသေးလှီးရင်း ဖယ်ထားပါ။ ပုဇွန်ကိုလဲ အတုံးခပ်သေးသေးလေးတွေ
တုံးပါ။ ပန်းကန် ကြီးကြီးတခုထဲမှာ မျှစ် ၊ ပုဇွန်၊ ဂဏန်း၊ ငံပြာရည်၊ ပဲငံပြာ
ရည်၊ ကြက်သွန်မြိတ်၊ ဂျင်းတို့ကို ရောမွှေပါ။ ကြက်သားမှုန့် အနည်းငယ်
ပါထည့်ပါ။ အားလုံး သမအောင် မွှေပြီးလျှင် အထုပ်လေးတွေထုပ်ဖို့ အချိန်
တန်ပါပြီ။

အထုပ်လေးတွေမထုပ်ခင် ရေနွေးဆူဆူတည်ထားပါ။ ပေါင်းမယ့်အိုးခွက်ကို
အသင့်လုပ်ထားပါ။ ရှင်မင်းကတော့ ပေါက်စီ၊ ဒင်းမ်ဆန်းပေါင်းတဲ့ ၀ါးခွက်
လေးနဲ့ အဖုံးလေးကို သုံးပါတယ်။ ခွက်လေးထဲမှာ Kitchen foil သို့မဟုတ်
ငှက်ပျောဖက် ခင်းထားပေးပါ။

တဘက်က ရေနွေးသပ်သပ် တည်ထားပြီး၊ Rice sheet ကို မထုပ်ခင်
ရေနွေးထဲမှာ ၃စက္ကန့် ခန့် နှစ်လိုက်ပါ။ သန့်ပြန့် တဲ့ အခင်းတခုပေါ်
မှာ Rice sheet ကို ခင်းပြီး၊ အဆာ တွေကို အလည်တည့်တည့်တွင်
ပုံထည့်ပါ။ ဇွန်းကြီးတဇွန်းပမာဏ ခန့် ခပ်ထည့်ပါ။ လေးထောင့် ပုံစံ အ
ထုပ်လေးတွေဖြစ်အောင်ထုပ်ပါ။ အထုပ်လေးတွေရဲ့ ပါးတဲ့ မျက်နှာပြင်ကို
 အပေါ်ဘက်ထားပြီး အိုးထဲမှာ ၆ မိနစ် ကနေ ၈မိနစ်ခန့် ပေါင်းပါ။ အထဲက
 အဆာတွေ ကျက်သွားတဲ့အထိပေါင်းရမှာဖြစ်ပါတယ်။

အဆာတွေ ကျက်လောက်ပြီဆိုလျှင်၊ ကြက်သွန်မြိတ်၊ နံနံပင်တို့ ဖြူးပြီး
အလှဆင်နိုင်ပါတယ်။ ပင်လယ်စာထုပ်ကို မိမိတို့ ကြိုက်နှစ်သက်ရာ
အချဉ်လေးနဲ့ တို့စားနိုင်ပါတယ်။

မှတ်ချက်။ အထုပ်လေးတွေကို မပေါင်းခင်မှာ တခုနဲ့ တခု နည်းနည်းစီခြား
ပြီးထည့်ရပါမယ်။ သို့ မှသာ ပေါင်းတဲ့အခါမှာ ပွလာပြီး တခုနဲ့ တခု မကပ်
မှာဖြစ်ပါတယ်။ ပေါင်းနေစဉ် နှမ်းဆီ အနည်းငယ်ကိုလဲ သုပ်ပေးနိုင်ပါတယ်။