ကုန်းဘောင်ကြီးကြော်

ဒီတပတ်တော့ အသားရော၊ အသီးအရွက်တွေပါ အကုန်အစုံစားရတဲ့
ကုန်းဘောင်ကြီးကြော်ဖို့ စိတ်ကူးရမိပါတယ်။ ကုန်းဘောင်ကြီးကြော်
ကြော်မယ်ဆိုရင် မိမိထည့်လိုတဲ့ အသီးအရွက်များကို အရင်ရွေးချယ်
ရပါမယ်၊ ဘယ်အသီးအနှံမဆိုထည့်ကြော်နိုင်ပေမယ့်၊ မျှမျှတတဖြစ်
အောင် အစိမ်း၊ အနီ၊ စတဲ့အရောင်ပါတဲ့ အသီးအနှံများကိုမျှမျှတတ
ထည့်ပေးမယ်ဆိုလျှင် အဟာရပြည့်ဝသလို အမြင်လဲလှပမှာဖြစ်ပါတယ်။

ကုန်းဘောင်ကြီးကြော်အတွက်လိုအပ်သောအရာများမှာ

ချင်း
ကြက်ဥ
ကြက်သွန်ဖြူ
ကြက်သား
ငရုတ်သီးပွ (အစိမ်း)
မုန်လာဥနီ (သို့မဟုတ်) ခါကြက်ဥ
ဂေါ်ရခါးသီး
ကြက်သွန်နီ
ငရုပ်သီးအခြောက်တောင့်
ဆား
ပဲငံပြာရည်အကြည်၊အနောက် တို့ပါပဲ။

အရင်ဆုံး ကြက်သား အသားချည်းသက်သက်ကို ချင်း၊ ကြက်သွန်ဖြူ
ဆားအနည်းငယ်တို့နှင့်ပြုတ်ထားပါတယ်။ ကြက်သားပြုတ်နေတုန်းမှာ
ကြက်သွန်နီ ဥကြီးတဥကိုလက်တဆစ်အရွယ် ခန့် လှီးပါတယ်။ ကြက်သွန်
ဖြူ၊ ချင်းတို့ကို မီးခြစ်ဆံချောင်းအရွယ်လောက်လှီးပါတယ်။

မုန်လာဥနီကိုတောင် အချောင်းလေးများဖြစ်စေ၊ အချပ်လိုက်ဖြစ်စေလှီး
နိုင်ပါတယ်။ ငရုပ်သီးပွအစိမ်းကိုတော့ကြက်သွန်နီလှီးသလို လက်တဆစ်
အရွက်ခန့်လှီးပါတယ်။ ဂေါ်ရခါးသီးကိုလဲ အထက်ကအတိုင်းပဲလှီးပါတယ်။

ကြက်သားပြုတ်ကျက်လောက်ပြီဆိုလျှင်အအေးခံထားပြီး၊ အတုံးလေးတွေ
လှီးထားပါတယ်။ ဆီအိုးတည်ပြီး၊ ဆီပူလာလျှင် ငရုတ်သီးခြောက်တောင့်
၂တောင့်ကို ကျော်ပါ။ ဆီပူပူမှာထည့်တာမို့၊ ချက်ချင်းဆိုသလို ချလိုက်ရပါ
တယ်။ ငရုပ်သီးတောင့်ကြော်ကို ပန်းကန်သပ်သပ်ဖြင့်ဖယ်ထားပါ။

ကြက်ဥ နှစ်လုံးခန့်ကို ခေါက်ပြီး၊ အပြားလိုက်ကြော်ပါ။ ပြီးလျှင်အနေတော်
အရွယ်ဖြစ်အောင်ညှပ်ထားပါ။

ကျန်တဲ့ဆီနဲ့ ချင်း၊ကြက်သွန်ဖြူ ကြော်ပါတယ်။ အနံ့မွှေးလာလျှင် ကြက်သား
ထည့်ပါတယ်။ ကြက်သားနှင့်အတူ ပဲငံပြာရည်အကြည်၊အနောက်တို့ကိုထည့်
ပါ။ ကြက်သားနှင့် ပဲငံပြာရည်ရောသွားအောင်မွှေပေးပြီး၊ အသီးအနှံတွေထဲက
ကျက်ဖို့အခက်ဆုံးအရာများကိုအရင်ထည့်ပါတယ်။

ရှင်မင်းကတော့ ဂေါ်ရခါးသီးကိုအရင်ဆုံးထည့်ပါတယ်။ ခဏနေလျှင် မုန်လာဥနီ
ထည့်ပါ။ နူးလွယ်အောင် ရေအနည်းငယ်စီထည့်ရင်းကြော်ပါတယ်။ ခဏနေလျှင်
ကြက်သွန်နီ၊ ငရုတ်သီးပွအစိမ်းလှီးထားတာကို ထပ်မံထည့်ပါတယ်။ ဆားအနည်း
ငယ်ထည့်ပြီး အသီးအနှံများကျက်လာသည် အထိကြော်ပေးပါတယ်။ အပေါ့အငံ
မြည်းပါ။ ကြိုက်တတ်လျှင် သကြားတီးစပွန်းနှင်တဇွန်းခန့်ထည့်ပေးပါ။ ကြက်ဥ
ကြော်ထည့်ပြီး ရောပါ။ နောက်ဆုံးမှာတော့ ကြော်ထားတဲ့ ငရုတ်သီးခြောက်တောင့်ကို
လက်တဆစ်အရွယ်ခန့် ညှပ်ပြီးထည့်လိုက်ပါ။ အိုးကို မီးဖိုပေါ်မှချနိုင်ပါပြီ။

အဆင့်ဆင့်ချက်ပြုတ်ရပေမယ့်၊ တင်းတိမ်မှု ရှိပြီး၊ အရသာရှိလှတဲ့ ဟင်းတခွက်ဖြစ်
ပါတယ်ရှင်။

3 comments:

junonadi said...

အရမ်းကောင်းပါတယ်
ကျွှန်မ ဒီလို ချက်ပြုတ်နည်းအစီစဉ်လေးတွေလိုက်ရှာနေတာ အခုမှပဲတွေ့ပါတယ်
ဒီအစီစဉ်လေးကို အကြိုက်ဆုံးပါပဲ

Unknown said...

ကောင်းပါတယ်

Unknown said...

ကောင်းပါတယ်