ထမင်းသုပ်

အိမ်မှာထွေထွေထူးထူး မချက်စားဖြစ်ရင်၊ ခဏခဏ သုပ်စားဖြစ်တာ ထမင်းသုပ်
ပါ။ ထမင်းသုပ် ကို သက်သတ်လွတ် သုပ်စားနိုင်သလို၊ ပုဇွန်ခြောက်လေးနဲ့လဲ
စားနိုင်ပါတယ်။ သက်သတ်လွတ်စားမယ်ဆိုရင်တော့ ပုဇွန်ခြောက်အစား၊ မြေပဲ
ကိုထောင်းထည့်ပြီး သုပ်စားနိုင်ပါတယ်။ ထမင်းသုပ် ရဲ့ အဓိကသော့ချက်ကတော့
ပဲမှုန့် ပဲလို့ (ရှင်မင်းအမြင်) ထင်ပါတယ်။ ပဲမှုန့် မကျက်ရင် အစိမ်းနံ့ နံပြီး၊ အကျက်လွန်
ပြီး တူးသွားရင်လဲ တူးခါးခါးအရသာဖြစ်နေတတ်လို့ပါ။


ထမင်းသုပ် သုပ်တော့မယ်ဆိုရင်

ချက်ပြီးသား ထမင်းကြမ်း
ပဲမှုန့်
ပုဇွန်ခြောက်မှုန့် (သို့) (မြေပဲဆံထောင်း သတ်သက်လွတ်)
ငံပြာရည် (သို့) ဆား
မကျီးရည်
ငရုတ်သီးမှုန့်
ဂေါ်ဖီ
ကြက်သွန်ဖြူဆီကျက် တို့ပါပဲ။

ကြက်သွန်ဖြူ မထူမပါလေးတွေလှီးပြီး၊ ဆီပူပူမှာ နနွင်းအနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူဆီ
ကျက်ချက်နိုင်ပါတယ်။ ဂေါ်ဖီ ကိုတော့ ပါးပါးလေးလှီးထားပြီးရေစိမ်ထားပါတယ်။ အားလုံးအဆင်
သင့်ဖြစ်ရင်တော့ ၊ ထမင်းသုပ်သုပ်မယ့် ဇလုံ ခပ်ကြီးကြီးထဲမှာ ထမင်းတယောက်စာ၊ ပဲမှုန့် ၂စွန်း
ဆီကျက်အနည်းငယ်၊ မကျီးရည် ၂စွန်း ၊ ဂေါ်ဖီ၊ ပုဇွန်ခြောက်မှုန့် နှင့် ငံပြာရည် အနည်းငယ်တို့ကို
ထည့်ပါ။ ကြိုက်တတ်လျှင် ငရုတ်သီးမှုန့် ထည့်ပါ၊ ပြီးလျှင် လက်ကိုသေချာ ဆေးပြီး နယ်ပါ။ ငရုတ်
သီး ပူမှာကြောက်ရင်တော့ လက်ဖြင်မနယ်ဘဲ၊ ဇွန်း၊ ခက်ရင်း တို့ဖြင့်နယ်နိုင်ပါတယ်။ အပေါ့အငံ
မြည်းပြီး၊ လိုရာကိုထည့်ပါ။ အနေတော်ဆိုလျှင် စားသုံးနိုင်ပါပြီ။ ထမင်းသုပ်ကို ဘူးသီးဟင်းခါး
ဒါမှမဟုတ် ရေနွေးကြမ်းဖြင့် သုံးဆောင်ပါကလိုက်ဖက်လှပါသည်။  ကြက်သွန်ဖြူ ကြိုက်တတ်လျှင်
ကြက်သွန်ဖြူ ကိုခွာပြီး ထမင်းသုပ်ဖြင့် သုံးဆောင်နိုင်ပါသေးသည်။

ကြက်တောင်ပံကြော်

ရှင်မင်း ထမင်းသုပ်ဖြင့် တွဲဖက် စားတတ်သည်မှာ ကြက်တောင်ပံ ကြော်ဖြစ်ပါတယ်။ ကြက်တောင်ပံ
ကြော်မှာ လွယ်ကူပြီး ၊ အရသာရှိလှတာမို့  ထမင်းဖြူနှင့်လဲ တွဲဖက်စားပါက မြိန်လှပါတယ်။
ကြက်တောင်ပံ ကြော်ရန်အတွက်လိုအပ်မှာတွေကတော့

ကြက်တောင်ပံ
ဆား
နနွင်း
ကြက်သားမှုန့် အနည်းငယ်
ဆီ တို့ပါပဲ။

ဈေးထဲက ၀ယ်လာတဲ့ကြက်တောင်ပံ ကို သုံးပိုင်း ပိုင်းပါတယ်။ တချို့ ကတော့ ခုတ်ပြီးသားရောင်း
တတ်ပါတယ်။ ခုတ်ထားတဲ့ ကြက်တောင်ပံကို ဆား ၊ နနွင်းအနည်းငယ်ဖြင့် နယ်ပါ။  ပြီးလျှင်ခက်ရင်း
ဖြင့် အနည်းငယ် ဆွပြီး ၁၅မိနစ်ခန့် ထားပါတယ်။ ဒယ်အိုးတအိုးမှာ ဆီ ပူလာသည့်အထိတည်ပါ။
စောစောက ကြက်တောင်ပံထဲသို့ ကြက်သားမှုန့်အနည်းငယ် ထည့်နယ်ပြီး ၊ ဆီပူလာတာနဲ့ စတင်ကြော်
ုနိုင်ပါတယ်။  ကြက်တောင်ပံ များ ရွှေဝါရောင်သန်း ပြီး ကျွတ်လာတဲ့အထိကြော်ပေးပါတယ်။ ကျက်
လောက်ပြီ ဆိုလျှင် တစ်ရှူးခံထားတဲ့ ပန်းကန်ပေါ်သို့ တင်ပြီး ဆီစစ်ပါတယ်။

ကြက်တောင်ပံကြော် မှာ ထမင်းသုပ် ၊ ရေနွေးကြမ်းလေးဖြင့်တွဲဖက်သုံးဆောင်ပါက လိုက်ဖက်လှပါတယ်။

 
 

1 comments:

Moe Cho Thinn said...

ထမင်းသုတ်နဲ့ ကြက်ကြော်က ရှယ်ပဲ။ တကယ်ကို စားချင်စဖွယ်ပါပဲ။