ဂျပန်ကာရီဟင်း

တလောက စပ်စပ်စုစု ဂျပန်ဟင်းအနှစ်လေး ထမင်းလေးပေါ်လောင်းထားတဲ့ပုံလေးတွေ့လို့
စားချင်စိတ်ပေါ်လာတာနဲ့၊ နေးတစ်က အစ်မ မစုဇု ကို နားပူနားဆာလုပ်မိပါတော့တယ်။
အစ်မပြောတဲ့အတိုင်းရယ်၊  သူ့ဘူးပေါ်က ညွှန်ထားတဲ့အတိုင်းရယ်ချက်လိုက်တာစားကောင်း
တဲ့ဟင်းတခွက်ထွက်လာပါတယ်။


လူပျင်းနည်း ချက်လို့လွယ်တာရယ်၊ ချက်ချိန် သိပ်မကြာလှတာမို့ ရှင်မင်း သဘောကျတဲ့ဟင်း
လေးတမျိုးပါပဲ။ နောက်တော့ တရုတ်ဆိုင်မှာဂျပန် ကာရီ အခဲလေးတွေ ရှာပြီးဝယ်လာခဲ့ပါတယ်။
အခဲလေးတွေမှာ အစပ်အရသာ အနည်းအများရွေးဝယ်လို့ရပါတယ်။

အထုပ်ထဲမှာ ကန့်၂ ကန့် ခွဲထားပြီး။ တကန့်မှာမှ ချိုးလို့လွယ်အောင် ချောကလက်တုံးလေးတွေလို
လေးတုံးခွဲထားပါတယ်။ ရှင်မင်းကတော့ သုံးတုံးထည့်ဖြစ်ပါတယ်။




ဟင်းကို မိမိစိတ်ကြိုက် ကြက်၊ ၀တ်၊ ဆိတ်သား စတာတွေနဲ့ ချက်လို့ရပါတယ်။ ရှင်မင်းကတော့
ကြက်သားနဲ့ ချက်ပါတယ်။ သတ်သက်လွတ်ချက်မယ်ဆိုရင်တော့ ပဲပြားကြော်ထားတာနဲ့  မိမိ
ကြိုက်နှစ်သက်ရာ အသီးအနှံ သုံးပြီးချက်နိုင်ပါတယ်။

လိုအပ်တဲ့အရာများကတော့

ကြက်သား (သို့ ) အသားတမျိုး
ကြက်သွန်ဖြူ ၊နီ
ချင်း
အာလူး
မုန်လာဥနီ (သို့) ခါကြက်ဥ
Kare Ruu အခဲ တို့ပါပဲ။

ကြက်သားကို အသားချည်းသက်သက် အနေတော် အရွယ်လှီးပါတယ်။ ထန်းလျက်ခဲအရွယ်
လောက်ပေါ့ ၊ အာလူး၊ ခါကြက်ဥ တို့ကိုလဲ အဲဒီအရွယ်နီးပါး လှီးထားလိုက်ပါတယ်။ ချင်း၊ဆား
တို့ကိုအသားနဲ့ နယ်ထားလိုက်ပါတယ်။

ဆီအိုးတည်ပြီး ကြက်သွန်ဖြူအနည်းငယ် ဆီသပ်ပြီး ခဏထားပါတယ်။ အနံ့မွှေးလာတာနဲ့
အသား ကိုထည့်ပါတယ် ။ အသား တွေကျက်သလိုဖြစ်ပြီး ဖြူလာရင်တော့၊ ကြက်သွန်နီ နှင့်
အာလူးတို့ကို ထည့်ပါတယ်။ ပြီးလျှင် ခါကြက်ဥပါ ထည့်ပါတယ်။ ရေအနည်းငယ်ထည့်ပြီး
မီးအေးအေးနဲ့ ချက်ထားလိုက်ပါ။ အသားနူးလောက်ပြီ ဆိုလျှင် ဟင်းအနှစ်ခဲ ကိုထည့်လိုက်
ပါတယ်။ ချက်ချင်း အခဲတွေပျော်သွားပြီး ၊ ရေအနည်းငယ်ထပ်ထည့်ပြီး နှပ်ထားပေးပါ။
နောက်ထပ် ၁၅မိနစ်လောက် ဟင်းအိုးထပ်တည်ပြီ၊ ဟင်းအနှစ်ရည် ပြစ်ပြစ်လေး ဖြစ်လာလျှင်
မီးပိတ်လိုက်လို့ရပါပြီ။ ထမင်းပူပူ မှာ ဟင်းအနှစ်ရည်လောင်းစားရင်း အရသာရှိပြီးလွယ်ကူ
တဲ့ ထမင်းတနှပ်အဖြစ်သုံးဆောင်လို့ ရပါပြီ။



ဟင်းချက်နည်း ပြောပြပေးတဲ့ မစုဇု ကို အထူးကျေးဇူးတင်ပါတယ်။

5 comments:

subuueain said...

စားချင်စရာလေး

SZA said...

တော်မီလဲ အဲဒီ့ဟာချက်စားဖူးတယ်.. ကိုယ်ချက်တာ သိပ်မကောင်းလို့လားမသိဘူး.. စားလို့ သိပ်မကောင်းဘူး လှလှပပလဲဖြစ်မနေဘူး..

Shinmin said...

တော်မီ
အဲ အစ်မက တော်မီ ပုံတင်တာမှတ်မိတယ်။အဲဒီထဲက သဘောကျ
နေတာ။ စကားမစပ် အစ်မ စိတ်ထဲမှတ်မိသလောက် တော်မီချက်တာစားချင်စရာလေးပါ။


စုဘူးရေ
စုဘူးဟင်းလေးတွေလဲ ခဏခဏလာစားပါတယ်။

စူး said...

ထောပတ်နှင့်ဆီသတ်ပါ. ကြက်သွန်နီများကို နွမ်းသွားလျှင် အာလူးနှင့် ဥနီကို မီးအေးအေးနှင့်ရေထည့်၍ တည်ပါ ဆူလာပါက ကြက်သားကို ခနနေလျှင်ထည့်၍ မီးအေး၂နှင့်ထားပါ။ ဆူလာပီး နူးလာပီဆိုပါက အဆိုပါအတုံးလေးများကို ထည့်ပါ။


ဂျပန်အမေနှင့်အတူချက်ခြင်းဖြစ်၍ ဖောက်သည်ချခြင်းသက်သက်ပါ

Shinmin said...

ဟုတ်ကဲ့၊ မမြတ်နိုးရေ၊ ခုလိုပြန်ပြောပြတာ ကျေးဇူးပါနော်။
ရှင်မင်းနောက်တခါချက်ရင် မမြတ်နိုးနည်းအတိုင်းချက်
ကြည့်ပါမယ်။