ငှက်ပျောသီးဆနွင်းမကင်း

တလောက ထူးထူးဆန်းဆန်း ရခိုင်ငှက်ပျောသီးလေးတွေ လေဟာပြင်ဈေးက ရခဲ့ပါတယ်။
အဲဒီဈေးလေးကို သွားရင် အသီးအနှံတွေ၊ စုံစုံလင်လင် သြဇာသီးကအစ ရတတ်လို့ မကြာ
ခဏရောက်ဖြစ်တဲ့ဈေးလေးပါ။ စတီးဇလုံ အကြီးတခုနဲ့အပြည့် ထည့်ထားတဲ့ ရခိုင်ငှက်ပျော
သီးတွေ ကိုတွေ့လိုက်ရတော့ ပျော်ရွှင်ပြီးဝယ်လိုက်တာပေါ့။ အိမ်ရောက်တာနဲ့ မုန့်လုပ်ချင်
စိတ်က ကလိကလိနဲ့ပါ။ ကိုယ်တိုင်လဲမလုပ်ဖူးတော့ မေမေ့ကိုဖုန်းဆက်မေးရာက ၊ အဲဒီ
နည်းလေးအတိုင်းလုပ်တာ အဆင်ပြေသွားပါတယ်။

အရောင်ကတော့ မြန်မာပြည်ကလို ပန်းရောင်လေးမထွက်ပါဘူး။

ငှက်ပျောသီးဆနွင်းမကင်းအတွက်လိုအပ်တာတွေကတော့

ရခိုင်ငှက်ပျောသီး အလုံး၂၀ ခန့်
အုန်းသီး
သကြား
ဆီ (သို့မဟုတ်) ထောပါတ်
ပေါင်မုန့် (သို့မဟုတ်) ဂျူံမှုန့်
စပျစ်သီးခြောက် တို့ပါပဲ။



ငှက်ပျောသီးဆနွင်းမကင်းလုပ်တော့မယ်ဆို အရင်ဆုံး အင်မတန်ပျော့ ပြီး ပျော်နေတဲ့
ငှက်ပျောသီးတွေသုံးလေ့ရှိပါတယ်။ ခြေဖို့လွယ်သလို၊ ပိုပြီးလဲချိုမြိန်လို့ပါ။ ရှင်မင်းက
တော့ ၃-၄ ရက်ထားပြီး၊ ငှက်ပျောသီး အလုံး ၂၀ လောက်ကို အခွံနွာပြီး အတုံးငယ်လေး
တွေအဖြစ်လှီးလိုက်ပါတယ်။ ပေါင်မုန့် ၆ ချပ်လောက်ကိုလဲ အတုံးသေးသေးလေးတွေ
လှီးပြီး ထားပါတယ်။ Smoother maker သို့မဟုတ် food processor ထဲမှာစောစော
က ငှက်ပျောသီး  ၊ ပေါင်မုန့် တို့အပြင် သကြား၊ ထောပတ် ဇွန်းကြီး ၂ စွန်း နဲ့ အုန်းသီးမှုန့်
တို့ကိုရော ကြိတ်ပါတယ်။ အုန်းသီးခြစ်ထားပြီးသားထည့်ရင် ပိုစားကောင်းပါတယ်။ ရှင်မင်း
ကတော့အုန်းသီးမ၀ယ်ဖြစ်လို့ အုန်းသီးမှုန့် ကို ထည့်ပါတယ်။ အားလုံးသမ သွားလျှင်တော့
မုန့်ဖုတ်မယ့်အိုးကို ဆီသုတ်ပြီး ၊ စောစောက ကြိတ်ထားတာတွေထည့်ပါတယ်။ စပျစ်သီး
ခြောက် ကြိုက်လျှင် အပေါ်က ဖြူးပေးပြီး နေရာအနှံထည့်ပေးပါ။ မုန့်မျက်နှာပြင်ညီညာအောင်
ဇွန်းနှင့် အသာအရာလေးညှိပေးပါ။ အပေါ်ကနေ ဆီ ၂ဇွန်း ခန့် လောင်းပြီး၊ kitchen foil
(or) alluminium foil ဖြင့်အိုးကိုအုပ်ပါ။ အပူချိန်မနိမ့်မမြင့်ထားပြီး အပေါ်မီးအောက်မီးပေး
ပြီးဖုတ်ပါ။ ၁နာရီခန့်အကြာမှာတော့ ဆီထပ်သုပ်ပေးပြီး၊ မုန့်အပျော့အမာကို ဓါးဖြင့်စမ်းကြည့်
ပါ။ အထဲက မကျက်မချင်း ဆီသုပ်ပေးပြီး မီးအရှိန်လျော့ကာ ဖုတ်ပေးပါ။ ကျက်ခါနီးလျှင်
မီးဖိုထဲမှအပြင်သို့ထုတ်ပြီး အအေးခံပါ။

ရှင်မင်းကတော့သကြားမထည့်လိုက်ပါဘူး။ ငှက်ပျောသီးအချို နဲ့ စပျစ်သီးကအချိုနဲ့တင်
တော်တော်လေးချိုနေပါပြီ။ စပျစ်သီး မထည့်ဖြစ်လျှင်တော့ သကြားနည်းနည်းပိုထည့်
ပေးနိုင်ပါတယ်။

1 comments:

Unknown said...

thank you so much.
I will try