အုန်းနို့ဆန်ပြုတ်

မနက်စောစောစီးစီးဝေလီဝေလင်း အချိန်ဆို ဖေတို့ မေတို့ လမ်းလျှောက်ထွက်တဲ့
အချိန်ပေါ့။ ရှင်မင်း တို့ မောင်နှမတွေအတွက်အပြန်လမ်းမှာ နံနက်စာဝယ်လာ
လေ့ရှိပါတယ်။ နောက်ပိုင်း လမ်းလိုက်လျှောက်တဲ့အကျင့်လေးရလာတော့
ကိုယ်စားနေကျ နံနက်စာလေးတွေကို ဘယ်လိုဘယ်နားမှာ ၀ယ်ရတယ် ဆိုတာလေး
တွေပါသိလာရသလို၊ ဈေးသည် အဒေါ်ကြီးတွေ၊အစ်မကြီးတွေ ရဲ့  ဘ၀လေးတွေပါ
တစေ့တစောင်းသိလာရပြန်တယ်။

စားနေကျ နံနက်စာတွေထဲကမှ အမြဲတမ်း ဘယ်တော့စားစား မရိုးနိုင်တာက
အုန်းနို့ဆန်ပြုတ်ပါ။ ရောင်းတဲ့ အန်တီကြီးက မနက်စောစော သနပ်ခါး ခြေဆုံးခေါင်းဆုံး
လိမ်းပြီး၊ အုန်းနို့ဆန်ပြုတ်တွေကို ဒန်အိုးကြီးအကြီးကြီး နဲ့ ကိုထည့်ရောင်းတာမှ အားရ
စရာကြီးပါ။ အန်တီကြီးက စေတနာလဲ ကောင်း၊ အပြောလဲကောင်းမို့ သူ့ ဆိုင်မှာ လူမစဲ
ပါဘူး။ ရန်ကုန်မြို့ မြို့ထဲတနေရာက ဈေးကလေးထိပ်မှာ ပလတ်စတစ်ခုံလေးတွေချပြီး
ရောင်းပါတယ်။ ဆိုင်မှာ ထိုင်စားတဲ့သူ တွေရှိသလို၊ ပါဆယ်လေးတွေထုပ်ယူသွားတဲ့
သူတွေနဲ့ စည်ကားလို့ပေါ့။ သူတကယ်ရောင်းတာက မနက် ၆ နာရီ ကနေ ၉ နာရီကျော်လောက်
ထိရယ်။ ဒီထက်လဲ အချိန်ပိုမရောင်းသလို၊ သူ့ စံကိုလဲထိန်းထားနိုင်ပါတယ်။ ကိုရင်လေး
တွေ ဆွမ်းခံလာရင်လဲ လောင်းလှူတတ်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် အန်တီကြီး ဆိုင် ရဲ့ 
မြင်ကွင်းကတော့ ရှင်မင်းအတွက်အမြဲတမ်းအမှတ်ရနေမယ့် မြင်ကွင်းလေးပါပဲ။

အရင်ကလို အလွယ်တကူ သွားမစားနိုင်တဲ့ နောက်ပိုင်းမှာတော့ အုန်းနို့ဆန်ပြုတ်
ဆိုတာ ဘယ်လိုမှန်းတောင် မေ့လို့နေပြန်ပါတယ်။ ဒီနေ့တော့အန်တီကြီး ကိုလွမ်း
တာလား အုန်းနို့ဆန်ပြုတ်ကိုလွမ်းတာလားတော့မသိ..အုန်းနို့ဆန်ပြုတ်ချက်စားဖြစ်ပါ
တယ်။ လွယ်လဲလွယ်သလို၊ မြန်လဲမြန်တာမို့  မနက်စာအချိန်ယူ မပြင်ဆင်နိုင်တဲ့ သူတွေအတွက်တော့အကိုက်ပါပဲ။

အုန်းနို့မကြိုက်သူ၊ မတည့်သူတွေကတော့ နို့စိမ်းကိုအသုံးပြုနိုင်ပါတယ်ရှင်။


အုန်းနို့ဆန်ပြုတ်တယောက်စာအတွက်လိုအပ်တာတွေကတော့

ထမင်း
အုန်းနို့
သကြား
ရေ
ဆား

အရင်ဆုံးရေနွေးတည်ထားလိုက်ပါတယ်။ ရေဆူလာရင် ထမင်း ဟင်းချိုပန်းကန်လုံး
တလုံးစာထည့်ပြီး ပြုတ်ပါတယ်။ အုန်းနို့ကိုတော့ အမှုန့် တီးစပွန်းလေးဇွန်းစာလောက်
ထည့်ပါတယ်။ အုန်းနို့ကတော့ မိမိတို့လိုသလောက်ချင်ပြီးထည့်နိုင်ပါတယ်။ အုန်းနို့
ထည့်ပြီးလျှင် သကြား တီးစပွန်းနဲ့ လေးစွန်းလောက်ထည့်ပါတယ်။ အချိုလျှော့ချင်ရင်
တော့ ၂ စွန်းလောက်ပဲထည့်ပါ။ ဝေမကျအောင် မီးအေးအေးထားပြီး ချက်ပါ။
ဆားလေးအနည်းငယ်ထည့်ပါ။ထမင်းစေ့လေးတွေ ပျောက်သွားတဲ့ အထိတည်ပေးပါ။
ရေလိုလျှင် ရေနည်းနည်းစီထည့်နိုင်ပါတယ်။ ထမင်းစေ့လေးတွေ ကျေလုလုအချိန်မှာ
အိုးကိုမီးဖိုပေါ်ကချနိုင်ပါပြီ။

အဆင်ပြေလွယ်ကူတဲ့ အုန်းနို့ဆန်ပြုတ် ပူပူမွှေးမွှေးလေး တခွက်အသင့်ရပါပြီရှင်။

0 comments: