ကြာဇံကြော်

ငယ်ငယ်က ဆို အိမ်မှာ မောင်နှမတွေ တအုပ်ကြီးဆိုတော့ တခုခုစားချင်ရင်
အိမ်မှာပဲချက်စားကြတာများပါတယ်။ ဥပမာ ခေါက်ဆွဲကြော်၊ ၊ကြာဇံကြော်
များဆိုလျှင်  အိမ်ကအုပ်စုကတောင့်တော့ ဆိုင်က၀ယ်ရင် သိပ်မလောက်ချင်
ပြန်ဘူး။ အိမ်မှာကြော်တော့ အသားလဲများသလို၊ ပိုက်ဆံလဲ ဒီလောက်မကုန်
ဘူးလို့ အဘွားက အမြဲပြောလေ့ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ကလေးဆိုတော့
ဆိုင်က ခေါက်ဆွဲကြော်၊ ကြာဇံကြော်ကိုသာ အထင်ကြီးလေ့ရှိပါတယ်။

တကယ်ကြော်စားချက်စားတတ်လာတော့ ဆိုင်နဲ့ အိမ်မတူတာ တွေသိလာရပါတယ်။
ဥပမာ ကျန်းမာရေးနဲ့ မညီညွတ်တာ၊ ဈေးမတန်တဆ ပေးရတတ်တာ၊ ဆီများတာ
စသဖြင့်ပေါ့။ တနေ့ကတော့ အဘွားကို လွမ်းလွမ်းနဲ့ ကြာဇံကြော်တွေကြော်စား
ပစ်လိုက်ပါရောလား။ (ဟီး ဘာမှမဆိုင်သလိုပဲနော်) အဘွားတို့က တခုခုချက်ရင်တောင် အကျအနလေးကောက်ပြီး ချက်တာမျိုး။ဘုရားဆွမ်းတော်ကပ်တာက အစပေါ့၊ ကိတ်မုန့်
ဆို စတိုင်မုန့် တဲ့ စတိုင်နဲ့နေရအောင်လို့တဲ့၊ မုန့်လုံးရေပေါ် ဆို အမြဲ ပေါ်ပေါ်ထင်ထင် အခက်အခဲ
ဘယ်လောက်ရှိရှိ ပြန်ပေါ်သတဲ့၊ ကဲ ကြာဇံကြော် ကျပြန်တော့ ကြာကြာ စံရတယ်ဆိုပဲ။ အဘွားကမခေဘူးနော်။ ဆိုင်တွေမှာ ကြာဇံကြော်စားတော့မယ်ဆိုတိုင်း အသည်းအမြစ်လေး
နဲ့ အသီးအနှံ များများလေးထည့်ပြီးကြော် တဲ့ အဘွားရဲ့ ကြာဇံကြော်ကိုသတိရမိတယ်။

 ကဲ...စကားများနေလိုက်တာ ၊ ကြာဇံကြော်ဖို့ စခန်းမရောက်ပြန်ဘူး။ ကြာဇံကြော်တော့မယ်
ဆိုရင် အရင်ဆုံး ကြာဇံ ကို ရေစိမ်ထားလိုက်ပါတယ်။ အခုရှင်မင်းကြော်မှာက  ဆန်ကြာဇံပါ။
ပဲကြာဇံ ဆိုတာလေးတွေ အကြည်လေးတွေဖြစ်ပြီး၊ ဆန်ကြာဇံကတော့ အဖြူရောင်ပါ။
ဆန်ကြာဇံ ကို Rice Noodleလို့ ဆိုင်တွေမှာမေးဝယ်နိုင်သလို၊ ပဲကြာဇံ ကိုတော့ Bean Thread
Noodleလို့ မေးဝယ်နိုင်ပါတယ်။

ကြာဇံကြော်အတွက်လိုအပ်တာတွေကတော့

ဆန်ကြာဇံ
ကြက်ဥ
မုန်လာဥနီ (ခါကြက်ဥ)
ဂေါ်ဖီ
ပဲငံပြာရည် (အကြည်၊ အနောက်)
ကြက်သွန်ဖြူ
ကြက်သား (သို့ ) မိမိကြိုက်နှစ်သက်ရာအသား
ကြက်အသည်းအမြစ်
နှမ်းဆီ၊ ဆီ
ကြက်သားအမှုန့် (Knorr)
ချင်း
ဆား
ခရုဆီ
တရုတ်မဆလာ
ငရုတ်ကောင်းမှုန့် တို့ပါပဲ။


အရင်ဆုံးကြက်သား နှင့် အသည်းအမြစ်ကို ချင်း၊ ကြက်သွန်ဖြူ ၊ ဆားတို့နဲ့ 
ပြုတ်ပါတယ်။ကြက်သား ပြုတ်နေတုန်းမှာပဲ ကြက်ဥ နှစ်လုံးခေါက်ပြီး ကြော်
ထားပါတယ်။ကြက်ဥအေးသွားလျှင် အနေတော်အရွယ်လေးတွေညှပ်ထားလိုက်
ပါတယ်။ကြက်သားပြုတ်ရရင်တော့ အရိုးထွင်းပြီး အသားကို ခပ်သေးသေးလေးတွေ
တုံးထားပါတယ်။ ကြက်ရိုးတွေကိုတော့ စောစောက ကြက်သားပြုတ်ရည်
အိုးထဲထည့်ပြီး ၊ ဆား ၊ ငရုပ်ကောင်းမှုန့် ခပ်ပြီး ဟင်းချိုအဖြစ်ချက်လိုက်ပါတယ်။


ရေစိမ်ထားတဲ့ ကြာဇံတွေကို ရေသေချာစစ်ပြီး ဖယ်ထားရပါမယ်။ အိုးကြီးကြီး
ထဲမှာ ကြက်သားအမှုန့် ၊ ဆားအနည်းငယ်၊ နှမ်းဆီ တဇွန်း၊ ပဲငံပြာရည်အကြည်
အနောက် ထည့်ပြီးနယ်ထားပါ။

မုန်လာဥနီကိုအချောင်းလေးတွေပဲဖြစ်ဖြစ်၊ ပန်းပွင့်ပုံပဲဖြစ်ဖြစ်လှီးထားပါ။ ဂေါ်ဖီကိုလဲ
မိမိတို့စိတ်ကြိုက် အရွယ်လေးတွေ လှီးထားပေးပါ။ ကြက်သွန်ဖြူ ၃ ဥလောက်ကိုလဲ
ဓါးပြားရိုက်ထားပါ။ 

ဆီ အိုးတည်ပြီး ကြက်သွန်ဖြူ တွေကိုထည့်ပါ။ အနံ့မွှေးလာတာနဲ့ မုန်လာဥနီ ထည့်ပါ
ခဏနေလျှင် ဂေါ်ဖီ နှင့် အသားထည့်ပြီး ဆက်ကြော်ပါ။ မုန်လာဥနီ နဲ့ ဂေါ်ဖီ တို့ မကျက်
ခင်လေးမှာပဲ နယ်ထားတဲ့ကြာဇံကိုထည့်ပါ။ ကြာဇံနဲ့ အဆာတွေ သမသွားအောင် မွှေ
ပေးပါ။ ဆားအနည်းငယ်၊ တရုတ်မဆလာမှုန့် အနည်းငယ်ထည့်ပြီး ဆက်မွှေပါ။ ဆီ
ချောက်နေလျှင် ဟင်းချိုရည်အနည်းငယ်ထည့်ပြီး ကြာဇံဖတ်တွေပျော့လာတဲ့အထိ
ကြော်ပေးပါ။ ရေများသွားလျှင် ပျော့သွားတတ်တာမို့ နည်းနည်းချင်းဆီ ထည့်ပေးပါ။
ကြာဇံ နူးလာလျှင် ကြော်ထားတဲ့ ကြက်ဥ နဲ့ ခရုဆီ အနည်းငယ်ထည့်ပြီး သမအောင်
မွှေပါ။ အနည်းငယ်မြည်းပြီး အပေါ့အငံ အနေတော်လောက်ဆိုလျှင် မီးပိတ်လို့ ရပါပြီ။

ကြာဇံကြော် နှင့် တွဲဖက်စားသုံးရန် အချဉ်ကိုတော့ ကြက်သွန်နီ ဒါမှမဟုတ် သခွားသီး
ကို သံပုရာရည်ညှစ် ပြီး၊ ဆားအနည်းငယ်၊ ငရုပ်သီးစိမ်းအနည်းငယ်တို့ နှင့် နယ်ပြီး
အချဉ်ပြုလုပ်နိုင်ပါတယ်။ ငရုပ်ဆီ အချဉ်နဲ့လဲစားသုံးနိုင်ပါတယ်။ စောစောက ချက်
 ထားတဲ့ဟင်းချို ပူပူလေး နှင့် တွဲဖက်ပြီးအရသာရှိတဲ့ ကြာဇံကြော်လေး သုံးဆောင်
နိုင်ပါပြီရှင်။


0 comments: