Nasi Lemak


မြန်မာပြည်ကလူတွေ ရေခြားမြေခြားရောက်ရင် မုန့်ဟင်းခါးလွမ်းတတ်သလို၊
မလေးရှားနိုင်ငံကလူတွေဟာလဲ ရေခြားမြေခြားရောက်ရင် Nasi Lemak
ကိုလွမ်းတတ်ကြပါတယ်။ Nasi ဆိုတာ မလေးရှန်းအခေါ်အဝေါ်အရ ထမင်း
ဖြစ်ပြီး၊ Lemak ဆိုတာကတော့ Fat လို့ဘာသာပြန်နိုင်တယ်လို့ မှတ်သားဖူး
ပါတယ်။ ထမင်းကို အုန်းနို့နဲ့ချက်ထားတဲ့ ထမင်းကို ၊ ငါးနီတူးအစပ်ချက်၊
ငါးနီတူအကြော်၊ မြေပဲ၊ ကြက်ဥပြုတ် နှင့် သခွားသီးတို့နဲ့ တွဲဖက်သုံးဆောင်
လေ့ရှိပါတယ်။

Nasi Lemak မှာ မြန်မာချက်အုန်းထမင်းလောက် အုန်းနို့ရည်မများပါဘူး၊
အနံ့ပါတယ်ဆိုရုံထည့်တာမျိုးပါ။ အစပ်အဟပ်တည့်ပြီး၊ မြန်မာ လျှာအရသာ
နဲ့လဲခံတွင်းတွေ့လှတာမို့ ၊ မလေးရှား၊ စင်္ကာပူရောက်နိုင်ငံရောက် မြန်မာတွေ
ကြားမှာလဲ အကြိုက်တွေ့ကြပါတယ်။

မလေးရှားမှာတော့ မနက်စာအပြင်၊ နေ့လည်စာအတွက်ဆိုရင် ကြက်ကြော်၊
အသားဟင်းများနဲ့လဲ တွဲဖက်သုံးဆောင်ကြပါတယ်။ သာမာန်ရိုးရိုး Nasi
Lemak ကိုတော့ ဖက်ကလေးတွေနဲ့ထုပ်ပြီးရောင်းလေ့ရှိပါတယ်။

အုန်းထမင်း

အဓိက ထမင်းချက်နည်းကတော့ သာမာန်အုန်းထမင်းချက်သလိုမျိုးပါပဲ၊
ဆန်ကိုရေဆေးပြီး၊ အုန်းနို့အနည်းငယ်၊ ဆားအနည်းငယ်ထည့်ပြီး ထမင်းအိုး
နှင့်ချက်လိုက်ပါ။

အဆာများ

မြေပဲ ကို ကို ဆားလေးနှင့်လှော်ပေးပါ။
ကြက်ဥ ကို ကျက်အောင်ပြုတ်ပြီးထက်ဝက်ခြမ်းပါ။
သခွားသီးလေးတွေကို အနေတော်စိတ်ပါ။
ငါးနီတူကို ဆီ ပူပူမှာ ကြော်ပြီး၊ ပေါ့နေလျှင်ဆားလေးအနည်းငယ်ဖြူးပါ။

ငါးနီတူအစပ်ချက်

တချို့ငါးနီတူများမှာရေဆေး သန့်စင်ပြီး ခေါင်းဖြတ်ရပါတယ်။
တချို့တွေကတော့သန့်စင်ပြီးသားမို့ ဘာမှထွေထွေထူးထူးလုပ်စရာ
မလိုပါဘူး။Asian supermarketတွေမှာ DriedAnchocy
ဟုမေးကာ ၀ယ်ယူနိုင်ပါတယ်။

ဟင်းအတွက် ကြက်သွန်နီ တခြမ်းကို အနှစ်ဖြစ်အောင်ထောင်းပြီး၊
တခြမ်းကို အကွင်းလိုက်လှီးထားပါ။ ငရုတ်သီး အရောင်တင်မှုန့် ၊
ငရုပ်သီးအခြောက်တောင့်ထောင်းထားပါ။မကျည်းရည်အနည်းငယ်၊
ပုဇွန်ငါးပိအနည်းငယ်ကိုလဲကင်ထားရပါမယ်။

ဟင်းချက်ရန်အတွက် ဆီပူပူမှာ ကြက်သွန်နီကြိတ်ထားတာကို ဆီသတ်
ရပါတယ်။ ဆီသတ်ပြီးအနံ့သင်းလာလျှင်၊ မကျည်းရည်အနည်းငယ်၊
ငရုပ်သီးအရောင်တင်မှုန့်၊ ငရုတ်သီးကြိတ်ထားတာတို့ကိုပါရောထည့်ပါ။
ငရုပ်သီးမကျွမ်းအောင်ရေစပ်စပ်ကလေးထည့်ပြီး အနှစ်ဖြစ်လာတဲ့အထိ
ချက်ပေးရပါမယ်။ ကြက်သွန်နီအနှစ်ဖြစ်လာလျှင် ကွင်းထားသော
ကြက်သွန်နီနှင့် ပုဇွန်ငါးပိ၊ ငါးနီတူ တို့ကိုတဆက်တည်းထည့်ပါ။ ရေလိုလျှင်
ရေစပ်စပ်ကလေးထည့်ပြီးချက်ပါ။ ဆားပေါ့နေလျှင် ဆားအနည်းငယ်ထည့်ပြီး
မိမိစိတ်ကြိုက်အရသာတွေ့လျှင် ဟင်းအိုးချနိုင်ပါပြီ။

ထမင်းပွဲပြင်ဆင်ဖို့အတွက် ထမင်းကို ပုံစံခွက်ကလေးနှင်မှောက်ကာ ၊
မြေပဲ၊ ငါးနီတူဟင်း၊ငါးနီတူကြော်၊ ကြက်ဥပြုတ်၊ သခွားသီး နှင့် မိမိ
တို့နှစ်သက်ရာ အသားဟင်း (သို့) အသားကြော်များနှင့်ပါတွဲဖက်
သုံးဆောင်နိုင်ကြပါတယ်။ 


1 comments:

Unknown said...

အရန်းလွယ်သလိုဘဲနော်