ခေါက်ဆွဲသုပ်

ဒီတခေါက်တော့ အသုပ်ကျွမ်းကျင်တဲ့ သူငယ်ချင်းလေး မိဇူး နဲ့ ခေါက်ဆွဲသုပ်တူတူသုပ်စား
ဖြစ်ပါတယ်။ သူငယ်ချင်းတွေ အားလုံးထဲမှာမိဇူးက လက်တည့်တယ်လို့ ဆိုရမည်ထင်သည်။
သူသုပ်ပေးတိုင်းအစပ်အဟပ်တည့်လှသည်၊ တယောက်အကြိုက်တမျိုးစီ အလိုက် စိတ်တိုင်း
ကျအောင်သုပ်ပေးတတ်သည်။ နင့်သုပ်တာစားကောင်းတယ်ဟ၊ ဘယ်လိုသုပ်တာလဲဟု
ပြောလိုက်လျှင် သူက တပြုံးပြုံး နှင့် ငါက ငါ့တို့လမ်းထိပ်ကဆိုင်မှာ လက်တွေ့ လေ့လာထားတာဟ
ဟု ကျေနပ်စွာဖြေလေ့ရှိသည်။ မိဇူးဘယ်လိုလက်တွေ့ တွေဆင်းခဲ့ပါသလဲ ၊ စိတ်ဝင်တစားဆက်
မေးကြည့်တော့

အသုပ်အစပ်အဟပ်တည့်တယ်ဆိုတာ လက်မှန်းသိရင်ဖြစ်သွားတာပဲဟ။ ဒီလောက်လဲမခက်ပါဘူး
လို့ သူက စိတ်ရှည်လက်ရှည်ရှင်းပြသည်။ လောလောဆယ်တော့ ခေါက်ဆွဲသုပ် လေးစားဖို့ လုပ်
အားပေးဦး ဟု ဆိုလာသဖြင့် သူနဲ့ တူတူ ခေါက်ဆွဲသုပ်ဖို့ ပြင်ဆင်ကြလေသည်။

ခေါက်ဆွဲသုပ်အတွက်လိုအပ်တာတွေကတော့

ခေါက်ဆွဲ
ဂေါ်ဖီ
အာလူး
မကျည်းရည်
ငံပြာရည်
ဆား
ပဲငံပြာရည်အနောက် (ကြာညို့ )
ပဲမှုန့်အကျက်
ဆား
ဆီချက်
ငရုပ်ဆီ
အရောင်တင်မှုန့်
ငရုပ်သီးမှုန့်
ထန်းလျက်
ပုဇွန်ခြောက်၊ ပုဇွန်ခြောက်မှုန့်
ပဲမှုန့် နှင့်
ဟင်းခါးချက်ရန်အတွက် ဘူးသီး တို့ပဲဖြစ်ပါတယ်။


အရင်ဆုံး မိဇူးက ခေါက်ဆွဲခြောက်ကိုပြုတ်ပြီး၊ ခေါက်ဆွဲကျက်သောအခါ ပဲငံပြာရည်အနောက်
(အထက်ပြည်အခေါ်ကြာညို့ ) နှင့် ဆားနည်းနည်းထည့်ကာနယ်လေသည်။ ပြီးလျှင် ဂေါ်ဖီ ကို
ပါးပါးလေး စိတ်ရှည်လက်ရှည်လှီးရင်၊ တဘက်ကလဲ အာလူးပြုတ်ထားလေသည်။ ကျွန်မကိုတော့
အသုပ်ထဲမှာထည့်ဖို့ လိုအပ်တဲ့ ဆီချက် နှစ်မျိုးကို ချက်ခိုင်းလေသည်။ ကြက်သွန်ဖြူလေးတွေ
ထောင်းထားတာကို ဆီပူပူမှာ နနွင်းလေးထည့်ကာချက်လေသည်။ ငရုတ်ဆီအတွက် ဆီအိုး
ပူပူမှာ ငရုပ်သီးအရောင်တင်မှုန့် နဲ့ ငရုပ်သီးအခြောက်ကိုကြိတ်ထားသောအမှုန့် တို့ ရောချက်
ရင်း ငရုပ်သီး မီးမကျွမ်း ရန် ကမန်းကတန်းပင်ချလိုက်သည်။ ငရုပ်သီးမှုန့် များ ကျက်ရုံသာ
ချက်ချင်းဖြစ်သည်။ အချိန်ကြာသွားလျှင် င၇ုပ်သီးမှုန့် တွေ တူးပြီးခါးသွားတတ်ပါသည်။

မိဇူးက အားလူးကို အခွံနွှာရင်း တဘက်မှာ ဟင်းခါးချက်ဖို့ ရေနွေးတည်ထားလေသည်။
ရေနွေးဆူလျှင် ကြက်သွန်ဖြူတပြားရိုက်ထည့်ရင်း၊ ပုဇွန်ခြောက်၊ ဘူးသီး အသင့်လှီး
ထားတာလေး ပစ်ထည့်ပြီး အဖုံးအုပ်ထားလေသည်။ ခဏနေလျှင် ဆား၊ ငရုပ်ကောင်းမှုန့်
ခပ်ပြီး မီးပိတ်ထားလိုက်လေသည်။ အသုပ်အတွက် အဓိက အဆာတွေကတော့ အသင့်
ဖြစ်ပါပြီ။ အသုပ်အတွက်မရှိမဖြစ် မကျည်းရည်ကို ဆိုင်တွေမှာ ထန်းလျက်အနည်းငယ်
ထည့်လေ့ရှိကြောင်း မိဇူးကရှင်းပြသည်။ ထန်းလျက်မရှိလျှင် ကြံသကာ၊ Brown Sugar
တို့ကိုအစားထိုးထည့်နိုင်ပါသည်။

အားလုံးအဆင်သင့်ဖြစ်သောအခါ မိဇူးတယောက် လက်စွမ်းပြလေတော့သည်။
ခွက်ကြီးကြီးထဲတွင်တယောက်စာ ခေါက်ဆွဲဖတ်၊ ဆီကျက် တဇွန်း၊ ငရုပ်ဆီ ၂ဇွန်း၊
ပဲမှုန့် ၁ဇွန်း ခွဲ၊ ပုဇွန်ခြောက်မှုန့် အနည်းငယ်၊ ငရုပ်သီးမှုန့် အနေတော်၊ ငံပြာရည်၊ မကျည်းရည်
လိုသလောက် တို့ကိုထည့်ရင်းနယ်သည်။ ဒါ့အပြင်ဂေါ်ဖီ နှင့် အားလူး ပြုတ်ထားတာပါ ထည့်နယ်ပါ
သည်။အပေါ့အငံမြည်းခိုင်းပြီး အနေတော်ဆိုလျှင် စားမည့်ပန်းကန်ထဲသို့ ခေါက်ဆွဲသုပ်လေးထည့်
ပေးလေသည်။ မိဇူးလက်ရာ ခေါက်ဆွဲသုပ်လေး ကို ဘူးသီးဟင်းခါးပူပူလေးနှင့် မြိန်ရည် ရှက်ရည်
စားနေမိပါတော့သည်။

(ဘူးသီး မရလျှင် အစာထိုးအနေနှင့် Marrow ကိုသုံးနိုင်ပါသည်။ ဘူးသီးနှင့်အလွန်တူပါသည်။
ဘူးသီးဟင်းခါးမချက်ချင်လျှင် ဂေါ်ဖီဟင်းခါး၊ ပဲတီပင်ပေါက် တို့နှင့်လည်း အထက်ပါနည်းအ
တိုင်း ဟင်းခါး ချက်နိုင်ပါသည်။)

0 comments: