ကောက်ညှင်းပေါင်း၊ မန်းလေးပဲကြော်

ကလင် ကလင်....

ဒီနေ့ မနက်စောစောစီးစီးမြည်လာတဲ့ ဖုန်းသံပါ။
ဟဲလို...
ဟဲ့ မိန်းမ နင်အိပ်နေတုန်းလား ခေါ်လိုက်ရတာ။

အချိန်တော်တော်ကွာဝေးတဲ့ နိုင်ငံကနေ စိတ်ကူးပေါက်တိုင်းလှမ်းဆက်တတ်တာမို့၊
မနက်စောစော ၊ ညသန်းခေါင်ကျော်မြည်လာတဲ့ ဖုန်းသံ ဆို ဒီသူငယ်ချင်းဆီကမှန်း
စိတ်ကသိနေပါတယ်။

အမယ်လေး ရွှေလုံးလား ၊ နိုးပါပြီတော် မီးဖိုချောင်ထဲရောက်နေလို့ဟ။

ဟုတ်လား၊ ဟဲ့ နင် ဟင်းချက်နေလား ဒါဆို ခဏထားခဲ့ ငါနဲ့ပြောမယ်။

မဟုတ်ဘူးဟေ့ ...ကောက်ညှင်းပေါင်းနေတာဟ၊ ငါ့ ခုတလော အိမ်လွမ်းနေလို့လေ၊
ကြံဖန်လုပ်စားနေတာ အလွမ်းပြေပေါ့။

ငါ့ ဘဲကြီးလဲ တူတူပဲဟ၊ သူကလေ မြန်မာအစားအစာဆို အသေကြိုက်၊ မနက်စာ
ဆို စီရီရယ်တွေ၊ ပေါင်မုန့် မီးကင်တွေ ဆို တခါတခါ ငါလုပ်ပေးရင်တောင် မစား
ဘူးဟ။ နင့် ကောက်ညှင်းပေါင်းက လဲငါလုပ်တတ်တာမဟုတ်ဘူးဟေ့ အချိန်လဲ
မပေးနိုင်ဘူး။

အမယ် ဒီမိန်းမ၊ ခါတိုင်း မနက်စောစော ထရမှာ ပျင်းနေတဲ့ သူက ခုတော့ ဘဲကြီး
ဘဲကြီး နဲ့ ဖြစ်နေပြီပေါ့လေ။

ဟီးဟီး နင်ကလဲ...

နေစမ်းပါဦး၊ ငါ့ကောက်ညှင်းပေါင်းကလွယ်ပါတယ်ဟဲ့၊ ထမင်းပေါင်းအိုး နဲ့ ထမင်း
ချက်သလိုချက်လိုက်တာ လွယ်လွန်းလို့။

ဟယ်...ဟုတ်လား ဒါဆို ငါ့ ပြောပြစမ်းပါဦးဟာ၊ ငါဘဲကြီးကို လုပ်ကျွေးချင်လို့။

အေးပါ၊ အေးပါ၊
ကောက်ညှင်းဆန် ကို ရေခဏ စိမ်လိုက်ဟာ၊ ပြီးရင် နှစ်ရေလောက်ဆေး။

ခဏဆိုတာ ဘယ်လောက်တုန်းဟေ့၊ နင့်ခဏက ၁ နာရီ လား နာရီဝက်လား။

နင်ကလဲ့ ခဏဆိုတာ ၁၅ မိနစ်လောက်ပေါ့ဟဲ့။

အေး ဆက်ပြော။

အင်း ရေစိမ် ရင်း ရေနွေးလေး နဲ့ အုန်းနို့ တီးစပွန်းနဲ့ နှစ်စွန်းလောက်ကို ဖျော်တယ်
ဟာ။ ငါက အုန်းနိုဘူးတွေဆို မကုန်လို့ လိုသလောက် ယူသုံးလို့ရတဲ့ အုန်းနို့အမှုန့်
သုံးတယ်။ ကောက်ညှင်းပေါင်းမှာ အုန်းနို့နံ့လေးသင်းအောင်ပေါ့ဟာ။

ပြီးရင် အဲဒီ ဖျော်ထားတာကို စောစောက ရေစိမ်ထားတဲ့ ကောက်ညှင်းဆန်ကို
ရေစစ်ပြီး၊ အဲဒီ အိုးထဲထည့် ၊ နောက်ပြီး နင်ထမင်းချက်သလောက်ခါတိုင်း
ထည့်နေကျ အတိုင်းလိုက် ရှိတဲ့ ရေပမာဏ ကိုထည့်ဟာ။
ရေမများစေနဲ့ ဟ၊ ရေများရင်ပျော့ပြဲသွားရော။
ပြီးတာနဲ့ ထမင်းအိုးတည်သလိုပါပဲ ခလုတ်နိုပ် (((( ဂျိတ် ))))
ခဏနေရင် ကောက်ညှင်းပေါင်းလေး ရပြီ။ အိုးအဖုံးလေး ဖွင့်ပြီး အသာလေး နှံ့အောင်
မွှေပေး၊ ပြီးရင် သူ့အငွေ့လေးနဲ့ သူပေးပေါင်းထား။
ငါတို့ဆီမှာတော့ ပဲလွန်းဘူးတွေ ၀ယ်လို့ရတယ်လေ၊ အေး ပဲလွန်းဘူး ကို ရေစစ်၊
ရေနွေးလေးနဲ့ ဆေးပြီး ပဲလေးတွေ အိုးထဲထည့်ပြီး နှပ်ထားလိုက်။
ပိုတောင်စားကောင်းတယ်။

အေး လွယ်သားပဲဟ။

ငါပြောသားပဲ ၊ နှမ်းထောင်းအတွက်ကလွယ်ပါတယ်။ နှမ်းလေးကို မီးအေးအေးလေးနဲ့
လှော်၊ ဆုံထဲမှာ ဆားလေး ထည့်ထောင်း။ အုန်းသီးကတော့ နင့်တို့ဘက်မှာ ခြစ်ထား
ပြီးသားတွေ မားကက်တွေမှာရောင်းတယ်ဟုတ်။ အဲဒါလေး ဖြူးစားပေါ့ဟာ။

နင်က မန်းလေးပဲကြော် ကြိုက်တယ်မဟုတ်လား၊ အကြော် ကြော်နည်းပါ ငါပြောပြမယ်။



စူပါမားကက်တွေမှာလေ Kidney Bean ဒါမှမဟုတ် ပဲလွန်း (Black Eyed Beans)
ဆိုပြီး ၀ယ်လို့ရတယ်ဟ၊ ပြုတ်ပြီးသားတင်းဗူးနဲ့လေ။ အဲဒါ ကိုရေနွေးလေးနဲ့ ၂ခါလောက် ဆေးချ။
ပြီးရင် ရေစစ်ပြီး ခြေ။ငါတော့ ငရုတ်ဆုံထဲထည့်ထောင်းတယ်။ ပြီးရင် ဆားလေးနည်းနည်း၊ ဆန်မှုန့် ၂ဆ၊
ကောက်ညှင်းမှုန့် ၁ဆ၊ ပဲမှုန့် ၁ဆ ထည့်ပြီး၊ ဂျင်းကလေးတွေကို မီးခြစ်ဆံအရွယ်လောက် လေး
လှီး ပြီးရင် နုတ်နုတ်စင်း ပြီး ပစ်ထည့်လိုက်။ သမအောင်မွှေပေတော့။


ဆီအိုးကတည်၊ ဆီ ပူလာရင် စောစောက အဆာကို လက်ပေါ်မှာ အနေတော်လောက်
လေးတွေ ပြားအောင်လုပ်ပြီး၊ ကြော်ပေါ့ဟာ။ ခဏခဏ မလှန်နဲ့နော်။ မီးသိပ်မ
့ပြင်းစေနဲ့ ၊ အကြော်လေးတွေမာလာပြီ ဆို တစ်ရှူးလေးပေါ်တင်ပြီး ဆီစစ်ပေါ့ဟာ။
တဗူးဆို ၆ ခု ကနေ ၇ ခုလောက်ထိ ရတယ်ဟ ။ မဆိုးဘူး။


ဟယ် နင့်ဟာက လွယ်လှချည်လား။

လွယ်တာပေါ့ဟ။ နင်ကလဲ အချိန်လဲသိပ်မပေးရပါဘူး။ နင်ခါတိုင်းနိုးတဲ့ အချိန်
ထက် ၁၅ မိနစ်လောက် စောနိုးရင်ပဲ ဒါတွေ လုပ်နိုင်ပြီ။

ဟီးဟီး အေးဟာ၊ ငါ့ ဘဲကြီး ကို ပေါင်းကျွေးရမယ်။ မလွယ်ဘူးဟ သူ့ခမျာ
စီးပွားရှာရ နဲ့ ပင်ပန်းတယ်။ ငါ့ထက်တောင်သူက မြန်မာအစားအစာတွေ
လွမ်းတတ်သေးတယ်။

အေးပါ အေးပါ၊ တကတဲ သူ့ ယောကျာ်း ကို ပါးစပ်က တခွန်းမပြောရ
မနေနိုင်ဘူး ဟုတ်လား။

ဟဲ့ နင်ကလဲ။ ငါဒီလောက်တောင်ဖြစ်နေလို့လား။

အေး.. ဘေးက ကြည့်တဲ့သူကတော့ မြင်တာပေါ့ဟယ်။ ဟားဟားဟား

ဟင့် နင်က ငါ့ဆို ဟား ဖို့ ပဲ။

မဟားပါဘူးဟာ၊ နင်သာ ကောက်ညှင်းပေါင်းကြည့် ငါ့နည်းအတိုင်း
ဖြစ်မဖြစ်သာ ငါ့ကိုပြန်ပြော။ အချိန်ရရင် အကြော်လေးလဲစမ်းကြည့်ဟာ။
ကောက်ညှင်းပေါင်းလေး နဲ့ လိုက်တယ်ဟ။

အေးအေး သင့်ခရု သူငယ်ချင်းရေ။ စကားပြောရတာလဲကောင်းတယ်ဟာ
ငါ့ တပတ်စာဈေးသွားဝယ်ရဦးမယ် ။ ငါနောက်မှဆက်လိုက်ဦးမယ်နော်
တာ့တာ့။

အေး အေး နောက်မှပြောမယ်နော်၊ နင့်ဘဲကြီး ကိုလဲ မေးတယ်ပြောလိုက်
ပါဦးဟေ့။

ဟီးဟီး အေးပါ.. ဒါပဲနော်။



မကြာခင်ကမှ ပူပူနွေးနွေး အိမ်ထောင်ကျသွားတဲ့..
ကျွန်မသူငယ်ချင်းလေး ရဲ့ ကြိုးစားပန်းစားပေါင်းထားတဲ့ ကောက်ညှင်းပေါင်း
လေးကို သူ့ဘဲကြီး က ပီတီတွေဖြာပြီး သုံးဆောင်နေမှာကိုသာ မြင်ယောင်
နေမိပါတော့တယ်။

0 comments: