ချဉ်ပေါင်ရွက်မျှစ်ကြော်
တလောက ဖိုရမ်က မဆမ်းမိ နဲ့ စကားစပ်မိရင်း၊ အစ်မက ချဉ်ပေါင်ရွက်
ဘယ်မှာရကြောင်းပြောလာပါတယ်။ ဒါနဲ့ ရှင်မင်းလဲ ချဉ်ပေါင်ရွက်ငတ်
နေတာ နှစ်လချီနေပြီမို့ ၊ ရှာပုံတော်ဖွင့်ခဲ့ပါတယ်။
ရလာတော့လဲ ဟုတ်မှဟုတ်ရဲ့လားဆိုပြီး မေးရသေးတယ်။
အိမ်ပြန်ရောက်တော့ မျှစ်တထုပ်ဝယ်ထားတာအဆင်သင့်ရှိနေတာနဲ့
မျှစ်နဲ့ ချဉ်ပေါင်ကြော်စားဖြစ်ပါတယ်။ချဉ်ပေါင်ရွက်မျှစ်ကြော်အတွက် လိုအပ်တဲ့အရာတွေကတော့
မျှစ် အထုပ်တ၀က်
ချဉ်ပေါင်
ပုဇွန်ခြောက် အမှုန့်၊ အကောင်
ဆား
ငံပြာရည်
အရောင်တင်မှုန့်
နနွင်း
ကြက်သွန်နီ၊ ဖြူ
ငရုတ်သီးအနီတောင့် ၄ တောင့်
အချိုမှုန့် အနည်းငယ် ပဲဖြစ်ပါတယ်။
ပထမဆုံး ကြက်သွန်ဖြူနီကို လှီးထားပါတယ်။ ကြက်သွန်နီကိုတော့
သေးသေးလေးတွေ လှီးပါတယ်။ ဆီအိုးတည်ထားပြီး၊ ဆီပူလာရင်
နနွင်းအနည်းငယ်နဲ့ ကြက်သွန်ဖြူ၊ နီ တို့ကို ဆီသပ်ပါတယ်။
အနံ့မွှေးလာရင် ပုဇွန်ခြောက် အမှုန့့်  (သို့) အကောင် ထည့်ပါတယ်။
တဆက်တည်း အရောင်တင်မှုန့် ထည့်ပြီး မျှစ်ကိုထည့်ပါတယ်။
တချို့ မျှစ်တွေက အနည်းငယ်မာတတ်လို့ ရေစပ်စပ်လေးထည့်ပြီး
ကြော်ပါ။ မမာရင်တော့ မျှစ်ထည့်ပြီးမကြာခင်မှာပဲ ချဉ်ပေါင်ရွက်
ထည့်ပြီး မွှေပါ။ ချဉ်ပေါင်ဖတ်တွေ တဖြည်းဖြည်းညိုလာပြီး ၊
အဆာတွေနဲ့လုံးသွားပါလိမ့်မယ်။ ဆား နဲ့ ငံပြာရည် အလို
ရှိသလောက်ထည့်ပြီး အရည်တွေ ခြောက်တဲ့အထိ စောင့်ပါ။
အရည်ခန်းလာရင် ငရုတ်သီးအနီတောင့်လေးတွေကို ဘေးတစောင်း
လေးတွေ လှီးပြီးထည့်ပါ။ အပေါ့အငံမြည်းပြီး ကြိုက်တတ်ရင် အချိုမှုန့်
ထည့်ပါ။ ရှင်မင်းကတော့ ဆီခပ်ခြောက်ခြောက်ကလေး ကြော်ထားတာ
ကိုနှစ်သက်ပါတယ်။ ဆီ ခပ်ရွှဲရွှဲ စားချင်ရင်တောင် ဆီသပ်ရင်း ဆီများများ
သုံးနိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် ခုလို စားလိုက်ရတော့လဲ မြန်မာပြည် ကိုအလွမ်းပြေသွား
ပြန်ပါတယ်။
14:37
|
Labels:
ချဉ်ပေါင်ရွက်မျှစ်ကြော်,
မျှစ်,
အရွက်ကြော်
|
You can leave a response
3 comments:
မနာလိုဘူးဗျို့....။ :-)
ဟီး အစ်မရေ၊ ပို့ပေးလိုက်ရမလား :P
Post a Comment