ကဏန်းမဆလာဟင်း


ဒီနေ့တော့ ကဏန်းမဆလာဟင်းလေး စားချင်နေတာနဲ့ ချက်စားဖို့ မနက်ကတည်းက
တာစူနေမိပါတယ်။ကဏန်းကို ချက်စားရမှာကြောက်တာမကိုင်တတ်လို့ နောက်ပြီး
အရှင်တွေဆိုလဲ မကိုင်ရဲဘူးလေ။ဒါနဲ့ သန့်ရှင်းပြီးသား ကဏန်းဘူးကိုတရုတ်ဆိုင်မှာတွေ့တာနဲ့
ဝယ်လာခဲ့တယ်။ သူကအကောင်သေးတယ်အပြာရောင်လေးတွေ။
အနေတော် ပိုင်းပြီးသားဆိုတော့ ချက်ရတာလဲအဆင်ပြေတယ်။



ကဲကဲ လေပေါနေတာနဲ့ ခရီးမရောက်ဘူး၊ ချက်ဖို့အဆာတွေပြင်ဆင်လိုက်ပါဦးမယ်။

လိုအပ်တာတွေကတော့
ကဏန်း ဘူးတ၀က်
ခရမ်းချဉ်သီး ၃လုံး
ကြက်သွန်နီ ဥကြီး တလုံး
ကြက်သွန်ဖြူ ၃ မွှာ
အရောင်တင်မှုန့်
မဆလာ
ဆား၊ ငံပြာရည်
မကျည်းရည်
နံနံပင်
ငရုတ်သီးစိမ်း တို့ပါပဲ။


အရင်ဆုံး ကြက်သွန်နီ ကို ကြိတ်ပါတယ်၊ ဒါမှမဟုတ်ထောင်းပါ။
ကြက်သွန်ဖြူကိုပါရောထောင်းပါ။
ခရမ်းချဉ်သီးကိုလဲ အတုံးသေးသေးလေးတွေလှီးပါ။
မကျည်းရည်အသင့်ဖျော်ထားပါ။
ဆီအိုးတည်ထားပြီး နနွင်းလေး နည်းနည်းထည့်ပြီးကြက်သွန်ဖြူ၊ နီ ဆီသပ်ပါတယ်။
ကြက်သွန်စိမ်းနံ့တွေ ပျောက်သွားပြီ၊း၊ ရွှေဝါရောင်သန်းလာရင် ခရမ်းချဉ်သီးထည့်ပါ
တယ်။ အရောင်တင်မှုန့်ထည့်ပြီး မီးအရှိန်နည်းနည်းလျော့ပါ၊ ခရမ်းချဉ်သီးလေးတွေ
ကြေပြီး လိပ်လာရင် မကျည်းရည်စပ်စပ်လေးထည့်ပြီး ခဏထားပါ။
ဆား ၊ ငံပြာရည်တို့ပါ ထည့်ပြီး ခဏစောင့်နေပါ။ ဟင်းအနှစ်ကို မြည်းကြည့်ပါ၊ စိတ်
ကြိုက်အပေါ့အငံ ရပြီဆိုရင် ကဏန်ထည့်ပါ။ ရေခပ်စပ်စပ်လေး ထည့်ပြီး အိုးအဖုံး
အုပ်ထားလိုက်ပါတယ်။ ကဏန်းထဲ ဟင်းအနှစ်အချိုဓါတ်တွေဝင်သွားတဲ့ အထိ
ဆက်ချက်ပါတယ်။ ကဏန်းကျက်လောက်ရင် မဆလာလေး ဖြူးပြီး ရေနည်းနည်း
လေးထပ်ထည့်ပါတယ်။ မဆလာအနံ့သင်းလာရင် အသင့် လှီးထားတဲ့ နံနံပင်
ငရုတ်သီးစိမ်း ထက်ခြမ်းခွဲထားတာလေး အုပ်လိုက်ပါတယ်။ ခဏတည်ထားပြီး
အနေတော်လောက်ဆို ဟင်းအိုးမီးပိတ်လိုက်နိုင်ပါပြီ။




ခပ်စပ်စပ်လေးစားချင်ရင်၊ ဟင်းခပ်မဆလာရော၊ ငရုတ်သီးမှုန့်ရောထားတဲ့ မဆလာ
ပါထည့်နိုင်ပါတယ်။ နံနံပင်မကြိုက်တတ်ရင် မထည့်လဲ ရပါတယ်ရှင်။

ထမင်းပူပူနွေးနွေးလေးနဲ့ ကဏန်းမဆလာဟင်းလေး သုံးဆောင်နိုင်ပါပြီ။

Thai Food Festival

တနှစ်မှ တခါ ကျင်းပတတ်တဲ့ ဒီပွဲလေးကို ကျွန်မပထမဆုံးအကြိမ်ရောက်ဖြစ်ခဲ့ပါတယ်။
အစားအသောက်တွေစိတ်ဝင်စားတာတကြောင်း၊ ယိုးဒယားအစားအစာတွေကိုနှစ်သက်
တာတကြောင်းကြောင့် အရောက်သွားခဲ့ပါတယ်။
ရှင်မင်းရောက်တဲ့ အချိန်မှာပဲ...




ရှမ်း တီးလုံး နဲ့ အိုးစည်သံကိုကြားလိုက်ရတော့၊ အသံလာရာဆီ ငေးလိုက်တော့ ရှမ်းမိန်းမ
ပျိုလေး ရဲ့ ကဟန်တွေကိုတွေ့လိုက်ရတယ်။ နဂိုတည်းကရှမ်းသွေးမဆိုစလောက်ပါပြီး ၊
ရှမ်းစာတွေကြိုက်တတ်တဲ့ ကျွန်မအပျော်ကြီးပျော်သွားပါတယ်။
ဒီပွဲမှာ ရှမ်းအကကြည့်ရလိမ့်မယ်လို့ထင်မထားလို့ပါ။ နောက်မှ အဘွားပြောတာ ပြန်သတိရ
တယ်၊ ယိုးဒယားတွေက သူတို့ကို သူတို့ရှမ်းလေးလို့ ခေါ်တယ်၊ ရှမ်းတွေကိုတော့ ရှမ်းကြီး
လို့ခေါ်တယ်တဲ့။ ယူကေ အခြေစိုက် ရှမ်းအဖွဲ့ကနေ လာရောက်ဖျော်ဖြေကြတာပါ။
အဲဒီအကဟာ မြတ်စွာဘုရား နတ်ပြည်မှာ မယ်တော်မာယာ (နတ်သား) ကို တရားဒေသနာ
ဟောကြားပြီး လူပြည့်ကို ပြန်ကြွချီတော်မူလာတာကို ကြိုဆိုတဲ့ အနေနဲ့ကတယ်လို့ တာဝန်ရှိ
ပွဲစီစဉ်သူတွေကရှင်းပြပါတယ်။ အဲဒီ mythical animal ကလဲ ဘုရားရှင်လက်ထက်တော်
တုန်းက ရှိခဲ့တယ်လို့ ယုံကြည်ကြကြောင်းပြောပါတယ်။
အကတွေ ကြည့်ပြီးလို့ ဈေးဆိုင်တန်းဘက်ကို ခြေဦးလှည့်ခဲ့ပြန်ပါတယ်။



အမျိုးသမီးအသုံးအဆောင် ယိုးဒယား Silk ၊ ပုဝါ၊ လက်ကိုင်အိတ်၊ လက်မူအနုပညာ
စုံစုံလင်လင် နဲ့ ဆိုင် ခန်းလေးတွေ တသီကြီးကို စိတ်ဝင်တစားငေးနေမိပါတယ်။
မကြာခင်ပဲ ယိုးဒယားနိုင်ငံထွက်အသီးအနှံတွေ၊မုန့်တွေ၊ ဟင်းခတ်အမွှေးအကြိုင်
တွေရောင်းတဲ့ ဆိုင်မှာ စပ်စပ်စုစု လေ့လာနေမိပါတယ်။ ဟင်းရွက်တွေ
သိပ်မလပ်တာတကြောင်း၊ ဈေးကြီးနေတာတကြောင်းကြောင့် ပြန်ချပြီး၊ Snacks
လေးတွေ ထက်ဝက်လျော့ဈေးနဲရောင်းနေတာကို ၀မ်းသာအားရ ရွေးဝယ်နေ
မိပြန်ပါတယ်။ စိတ်ထဲမှာ ယိုးဒယားနယ်စပ်ရောက်နေသလိုလို၊ ယိုးဒယားရောက်
သွားသလိုကိုး ခံစားရပြန်ပါတယ်။



ဈေးတန်းတွေ ငေးပြီးဓါတ်ပုံတွေ ရိုက်နေရင်း အချိန်ကုန်သွားတာ သတိမထားမိပြန်
်ပါဘူး။ အစာအိမ်က သတိပေးမှပဲ တခုခုတော့ စားဦးမှ ဆိုပြီး ယိုးဒယား ဟင်းလျာတွေ
ရောင်းတဲ့ ဆိုင်တန်းတွေဘက် ထွက်ခဲ့ပြန်ပါတယ်။ဆိုင်တန်းနဲ့မလှမ်းမကမ်းတွေမှာပဲ
ဘီယာဆိုင်၊ Travel Agency၊ ငွေလွှဲတဲ့ Service စင်တာ ကြော်ငြာ၊ဘုန်းကြီးကျောင်း
ရန်ပုံငွေ အလှူခံဌာန တွေကိုပါ တသီကြီးတွေ့ရပြန်ပါတယ်။ ကဲကဲ ... ဒါတွေနောက်
်မှငေး၊ခုဗိုက်ဖြည့်ဦးမှ ဆိုပြီး ဆိုင်တန်းတွေကို ကြည့်တော့၊ လူတွေက တန်းစီလို့ ၊ နေ
ပူပူထဲမှာ ဇွဲနဲ့ရပ်စောင့်နေလိုက်တာ။စိတ်ထဲမှာလုပ်ချင်တာတွေကများတော့ ဒီလူတတန်း
ကြီးတွေကို မစောင့်ချင်၊ အလွယ်တကူစားလိုက်ရတာမျိုးကိုစိတ်က ပိုတောင့်တနေမိ
ပါတယ်။ ဒါနဲ့ နေကလဲ ပူ ဟိုဟိုဒီဒီကြည့်တော့ အုန်းသီး အိုက်စကရင်ရောင်းနေတာတွေ့
လို့ ၀ယ်စားဖြစ်ပါတယ်။ ငယ်ငယ်တုန်းကစားဖူးတဲ့ အုန်းမွှေးလုံးအလွမ်းပြေပေါ့။



စားပြီးတာနဲ့ ဗိုက်ကလဲဆာ ကြက်သားပေါက်စီတလုံးအမြန်ဝယ် ပြီး ဈေးတန်းတွေဘက်
သုတ်ခြေတင်ခဲ့ပြန်ပါတယ်။နေကလဲ အစွမ်းကုန်ပူရင်း ပေါ့၊ လူတွေလဲကြိတ်ကြိတ်တိုးလို့
ယိုးဒယားအစားအစာတွေလဲ တော်တော်နှစ်သက်ကြပုံပေါက်တယ်။ အသိတယောက်
တခါကပြောဖူးတာတော့ ယိုးဒယားစားသောက်ဆိုင်လုပ်ငန်းတွေ ကတနှစ်ထက်တနှစ်
တိုးပွားလာတယ်တဲ့။ ယိုးဒယားဆိုင်မှ မဟုတ်ပါဘူး၊ အနောက်တိုင်းမှာ အာရှ အစားအ
စာတွေဖြစ်တဲ့ဂျပန် - ဆုရှိ၊ ကိုးရီးယား - ကင်းမ်ချိ၊ ယိုးဒယား - သင်္ဘော သီးထောင်း၊
တရုတ် - ဒင်းမ်ဆန်း အိန္ဒိယ - စမူဆာတို့ကို ဒီမှာ ဈေးကွက်ဝင်စွာ စားသောက်ဆိုင်တေ
ွ ကနေ စူပါမားကက် အဆုံးအလွယ်တကူ ၀ယ်လို့ရနေပါပြီ။ဒီပွဲမှာလည်း ကောက်ညှင်း နဲ့
သရက်သီး အားပါးတရ နယ်စားနေတဲ့ ဗို တွေ တွေ့သလို့၊ သဘောင်္သီးထောင်းကို
ငရုပ်သီးများများ နဲ့ တရှူးရှူး တရှဲရှဲအားပါးတရ သုံးဆောင်နေကြတာလဲ မနည်းပါဘူး။




ဈေတန်းမှာသတိထားမိတာက အကင်ဆိုင်တွေပါ၊ အကင်ဆိုင်တွေမှာ လူတွေအများကြီးတန်း
နေတာ တွေ့ရပါတယ်။သူတို့တွေ ဘာတွေရောင်းနေတယ်ဆိုတာ စပ်စပ်စုစု သွားလေ့လာကြည့်
တော့၊ ကြက်သား ၊ ၀က်သား စတာတွေအပြင်ကင်းမွန်ကင် ၊ ယိုးဒယား ငါးဖယ်ပြားလေးတွေ
ကိုလဲ တုတ်ထိုးပြီး ရောင်းပါတယ်။ အဲဒီ ငါးဖယ်ပြားလေးတွေဟာလွယ်သလောက် စားလို့
အင်မတန်ကောင်းပါတယ်၊ သူက ထမင်းနဲ့ လိုက်သလို၊ Starter သဘောမျိုးလဲ စားလို့ကောင်း
ပါတယ်။ နောက်များကြုံရင် ရှင်မင်း ဘလော့မှာ ယိုးဒယားငါးဖယ်လုပ်နည်းလေး ရေးပါဦးမယ်။



လူတွေခပ်များများတန်းစီနေတဲ့ နေရာနောက်တခုက သဘောင်္သီးထောင်း ရောင်းတဲ့ ဆိုင်တွေ
မှာပါ။ သဘောင်္သီးထောင်းပေးသူက အရသာ ကြိုက်မကြိုက်ပေးမြည်းပါတယ်၊ အနောက်မှာ
သဘောင်္သီးခြစ်သူတွေကလဲ မနားရသလို၊ ထောင်းသူတွေကလဲ လက်မလည်အောင်ထောင်းနေ
ရပါတယ်။ လက်တဆုတ် မရှိတရှိ တပွဲကို ၄ ပေါင် ကနေ ၅ ပေါင်ထိပေးရပါတယ်။အဲ .. ဒီလောက
်တော့ ဈေးကြီးတာပေါ့နော့။ စားချင်ပေမယ့် အိမ်မှာဆို တ၀စားရမယ်ဆိုတဲ့ စိတ်နဲ့ ၀ယ်မစားဖြစ်ခဲ့ပါဘူး။
တခါတလေ ကိုယ်လုပ်တတ်နေတဲ့ အခါအပြင်မှာစားရတာ မတန်မှန်းသိလာသလားမပြောတတ်ဘူး။




ကင်းမွန်ကင်လေးတွေတော့ စိတ်ဝင်စားလို့ စားကြည့်လိုက်သေးတယ်၊ ဟိုဟိုဒီဒီ
ီငေးရင်း စားလို့ရတာ ဆိုတော့ အဆင်ပြေတယ်လေ။ မကြာပါဘူး ရေငတ်လာလို့
အအေးဆိုင်ဘက် ပြေးရပြန်ပါတယ်။ နေကလဲ ပူ၊ ရေကလဲငတ်၊ ဆိုတော့လူတန်း
ကြီးတွေမှနည်းတာမဟုတ်ဘူး။ အအေးဆိုင်ကလူတွေလဲ ပြားပန်းခတ်နေအောင
်ကို အလုပ်ရှုပ်နေကြပါတယ်။ အအေးမှာနေတဲ့ အချိန်မှာပဲစင်ဘက်အခြမ်းကနေ
ဆိုင်းသံတွေကြားလိုက်ရတယ်။ အအေးကလဲသောက်ချင် ၊ ကြည့်ကလဲကြည့်ချင်
နဲ့ ရှင်မင်းတို့ ဗျာများနေပါတယ်။ အရေးထဲ ကိုယ်မှာတဲ့ Berries smoothie နဲ့
တခြားဟာမှားပေးလို့  ထပ်စောင့်ရသေးတယ်။အအေးခွက်ရတာနဲ့ စင်ဘက်ကို
အပြေးအလွှားလေး အရောက်သွားပြီးအကတွေ ကြည့်ခဲ့ပါတယ်။

ယိုးဒယားယဉ်ကျေးမှုကျောင်းမှ လက်သည်းအက နဲ့၊ ယိုးဒယားမလေးတယောက်
်ရဲ့ ပန်းကြဲ အကဟာကြည့်နေရတဲ့သူတွေစိတ်ကို ငြိုယူဆွဲခေါ်သွားခဲ့ပါတယ်။ စီးချက်
ညီညီ နဲ့ တဆင့်စီ ကပြတင်ဆက်သွားတာမှ ပွဲလာပရိသတ်တွေ မှင့်သက်ငေးမော
ကျန်ခဲ့ရလောက်အောင်ကို ဆွဲဆောင်နိုင်ပါတယ်။့ ဓါတ်ပုံ ရိုက်ဖို့ရာ ဘက်ထရီ
ကုန်သွားတာကြောင့် စိတ်နာနာနဲ့ မရိုက်ရလေခြင်း ဆိုပြီး တနုံနုံဖြစ်နေမိတယ်။
ဒါပေမဲ့ ကိုယ်စိတ်ဝင်စားတဲ့ ဟင်းတွေလေ့လာရ၊ သူတို့ယဉ်ကျေးမှု အနုပညာ
တွေကို ကြည့်ရနဲ့ ဘယ်လိုကုန်လို့ ကုန်သွားမှန်းမသိတဲ့ အမှတ်တရ နေ့လေးတနေ
့ပါဘဲ။နောက်နှစ်များမှာ အခွင့်ရှိရင် ထပ်ဆုံချင်ပါရဲ့ အယုဒ္ဓယ ရဲ့ သမီးပျိုလေးတွေရေ....။


ငါးပတ်မွှေ

ငါးပတ်မွှေအတွက်လိုအပ်တဲ့ အဆာတွေကတော့
ငါး
ဆီ
ချင်း
ပုဇွန်ငါးပိ
ကြက်သွန်ဖြူ၊နီ
ရှမ်းနံနံ
စပါးလင်
ငရုပ်သီးစိမ်း
အရောင်တင်မှုန့်
ဆား
နနွင်း


အရင်ဆုံးငါးကို နနွင်း၊ ဆား၊ ငါးပိ ၊ အချိုမှုန့်တို့နဲ့ နယ်ထားပါတယ်။ ပြီးရင် ငါးကို ပြုတ်ပါတယ်။
စပါးလင် ကို အောက်ပိုင်း ၂လက်မလောက်ချန်ထားပြီး၊ ကျန်တာထည့်ပြုတ်ပါတယ်။
ငါးပြုတ်နေတုန်း ကြက်သွန်ဖြူ ၃ဥ၊ ကြက်သွန်နီ ဥကြီး ၂ဥ၊ ချင်း လက်တဆစ်ကျော်လောက်ကို
ထောင်းဒါမှမဟုတ် ကြိတ်ပါတယ်။

ငါးပြုတ်ပြီးသွားရင် ပန်းကန်ထဲထည့်ပြီး အအေးခံထားပါတယ်။ အေးသွားရင် ငါးကို အသားချည်း
နွှင်ပါ။ ရှင်မင်းကတော့ အရိုးကြောက်လို့ ငါးအသားချည်းသက်သက်ဝယ်ပါတယ်။ ဆီအိုးပူပူထဲ
မှာ စောစောက ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ နီ နဲ့ ချင်း တို့ကိုဆီသပ်ပါတယ် ။ အရောင်တင်မှုန့်
လိုသလောက်ထည့်ပါတယ်။ စပ်စပ်လေးကြိုက်ရင် ပုံမှန်ထပ်ပိုထည့်ပါ။ ငရုပ်သီးမှုန့် မီးမကျွမ်းအောင်
ရေခပ်စပ်စပ်ကလေးထည့်ပါတယ်။
ကျန်နေတဲ့ စပါးလင်ကို ရိပ်ရိပ်ကလေးတွေလှီးပြီး ထောင်းထားရပါမယ်။

ဆီသတ်ထားတဲ့ကြက်သွန်ဖြူ၊နီ နဲ့ ချင်း တို့ အနံ့မွှေးလာရင် ချေထားတဲ့ ငါးတွေကိုထည့်ပါမယ်။
မီးကိုသိပ်မပြင်းစေဘဲ၊ အိုးမကပ်အောင် ဂရုစိုက်မွှေပေးနေရပါမယ်။ ဆား ပေါ့နေရင်ဆားနည်းနည်း
ထည့်ပါမယ်။ ခဏနေရင် စပါးလင်ထောင်းထားတာထည့်ပါ။

ရှမ်းနံနံလေးတွေကို ရေသေချာဆေးပြီး၊လက်တဆစ်လောက်ဆီ လှီးထားပါ။
ငါးအိုးထဲ ရှမ်းနံနံထည့်ပြီး အိုးမကပ်အောင် ဆက်မွှေပေးနေပါ။ အစပ်လိုနေသေးရင်၊ ကြိုက်တတ်ရင်
ငရုပ်သီးစိမ်းလှီးထည့်လို့ရပါတယ်။ အနံ့မွှေးပြီး ၊ ငါးတွေခြောက်လာရင် မီးပိတ်လို့ရပါပြီ။

ငါးပြုတ်ထားတဲ့ အရည်တွေကို ဘူးသီး၊ ကြက်သွန်ဖြူ တပြားရိုက်လေးတွေထည့်ရင်း ဘူးသီးဟင်းခါး
လုပ်သောက်နိုင်ပါတယ်။ ကြိုက်မယ်ဆိုရင် ငရုပ်ကောင်းလေးခပ်သောက်ပါ။

ငါးပတ်မွှေကို သခွားသီး၊ ဗူးသီးပြုတ်၊သရက်သီးစိမ်းစတဲ့ တို့စရာများနဲ့ဖွယ်ဖွယ်ရာရာ တွဲဖက်စားရင်
ထမင်းအလွန်မြိန်ပါတယ်။

ရုံးပတီသီးကြော်


ဟင်းရံအနေနဲ့ ရှင်မင်းကတော့ တဆက်တည်း မမလုလုရဲ့ ရုံးပတီသီးကြော် လေးဆက်ကြော်ဖြစ်ပါတယ်။
ရုံးပတီသီး ၁၂ တောင့်လောက်ကို တစောင်းလေးတွေလှီးပါတယ်။
ကြက်သွန်ဖြူ တပြားရိုက်၊ ကြက်သွန်နီ မထူးမပါးလေးတွလှီးထားပါတယ်။
ဆီအိုးရရင်ကြက်သွန်ဖြူ၊နီ ဆီသပ်ပါတယ်၊ အနံ့ မွှေးလာရင် ပုဇွန်ခြောက်မှုန့်လေးထည့်ပါတယ်။
တဆက်တည်း ရုံးပတီသီးထည့်၊ ရေလေးနည်းနည်းထည့်ပြီးကြော်ပါတယ်။
ဆား ဒါမှမဟုတ် ငံပြာရည်ထည့်ပါ။ ရုံးပတီသီးခပ်စိမ်းစိမ်းလေးစားချင်ရင် စောစောပဲ ချလိုက်ပါ။
ကျက်မှစားချင်ရင်တော့ ရေလေးခပ်စပ်စပ်ထည့်ပြီး ထပ်ကြော်နိုင်ပါတယ်။

ဒီတပတ်ထမင်း ပွဲအတွက် ငါးပတ်မွှေ၊ ရုံးပတီသီးကြော် နဲ့ ဘူးသီးဟင်းခါး တို့အသင့်သုံးဆောင်နိုင်ကြပါပြီ။

ငါးပတ်မွှေချက်ကို မြန်မာကျူးပစ်မှ မလေဒီ ရဲ့ နည်းအား မှီငြမ်းချက်ပြုတ်ပါသည်။