ရခိုင်မုန့်တီ

ရခိုင်မုန့်တီ

အာပူလျှာပူ လို့လဲအများသိကြတဲ့ ရခိုင်မုန့်တီ ဟာခုလိုဆောင်းတွင်း ဒါမှမဟုတ် မိုးတွင်း ရာသီ
တွေမှာစားလို့အင်မတန်ကောင်းပါတယ်။ ရှင်မင်းတို့များ တနေကုန် ရခိုင်မုန့်တီကို အမုန်းစား
ပါတယ်။ ဘယ်လောက်စားစားမအီလို့၊ မုန်းလဲမမုန်းမိဘူး၊
ငယ်ငယ်တည်းက ရခိုင်မုန့်တီဆိုင်တွေ့တာနဲ့ဝင်ထိုင်တတ်တာအကျင့်လိုတောင်
ုဖြစ်နေတော့တာပဲ။ သူက ဆီပါတာနည်းတဲ့အတွက် ၀ိတ်ထိန်းလိုသူ၊ အပူအစပ်ကြိုက်တတ်တဲ့
မမများ ၊ ညီမလေး တွေအကြိုက်ပေါ့။ သူများတွေပြောတာကြားဖူးတယ် ရခိုင်ဟင်းတွေက
ဆီနည်းတယ်တဲ့၊ ဟုတ်လားမသိဘူး၊ ရှင်မင်းကတော့ ကိုယ့်တိုင်းရင်းသားတွေရဲ့ ဟင်းလျာ
တွေဆို ချက်ရတာ စိတ်ဝင်စားသလို၊ တတ်လဲတတ်ချင်ပါတယ်။
ရခိုင်မုန့်တီ မှာအဓိကပါဝင်တဲ့ အရာများက တော့ ငါး နဲ့ ပဒဲဂေါ တို့ဖြစ်ပါတယ်။
လိုအပ်တဲ့ ပစ္စည်းတွေကတော့
ငါး
ပဒဲဂေါ
မုန့်ဟင်းခါးဖတ်
နံနံပင်
မကျည်းသီး
ငရုပ်သီးစိမ်း
ကြက်သွန်နီ
ဆနွင်း
ဆား နဲ့ ငံပြာရည်
ငရုပ်ကောင်းမှုန့်

အရင်ဆုံးရေနွေးတည်ထားပြီး မုန့်ဟင်းခါးဖတ်ပြုတ်ပါတယ်။ ဒီမှာတော့ ဆန်ကြာဇံကိုပဲ သုံးဖြစ်ပါတယ်။
အိုးနောက်တအိုးနဲ့ ငါးတွေပြုတ်ထားပါတယ်။ ရှင်မင်းကတော့ ငါးအရိုးကြောက်လို့ Cod Fish လိုမျိုး
အသားများများပါတဲ့ ငါးကိုရွေးပါတယ်။ ငါးကိုဆားနည်းနည်း ၊ ငံပြာရည်နည်းနည်းနဲ့ပြုတ်ပါ။
ငါးကျက်လောက်တဲ့အထိပြုပ်ပြီးရင်၊ ဆယ်ပြီးအအေးခံထားပါနော်။ ငါးပြုပ်ရည်တွေကို ရခိုင်မုန့်တီ
ဟင်းရည်ချက်ရင် သုံးမှာမို့ ဒီတိုင်းဆက်တည်ထားပါ။
ငါးအေးအောင်စောင့်ရင်း ၊ တဖက်က ကြက်သွန်နီ ပါးပါးလှီးပါတယ်။ နံနံပင်ကိုရေဆေးပြီးလှီးထားပါတယ်။
မကျည်းသီးကိုရေနွေးပူပူနဲ့စိမ်ထားပါ။ မကျည်းရည်ပျစ်ပျစ်ရအောင်ချေပြီး အစေ့များဖယ်ထုတ်ပါ။
ငရုပ်သီးစိမ်း၅တောင့်လောက်ကိုလည်း အိုးတခုနဲ့ ပြုပ်ထားပါ။ ငရုပ်သီးစိမ်းကျက်လောက်ရင် ငရုပ်ဆုံထဲ
ထည့်ထောင်းပါ၊ မျက်စေ့မစင်အောင် သတိထားပြီးထောင်းပါနော်။ ပြီးရင် ရေလေးနည်းနည်းရောပါ။
ရခိုင်မုန့်တီနဲ့ စားဖို့အဆာတွေကတော့ပြီးသလောက်ရှိနေပါပြီ။ ဆီအိုးပူပူထဲမှာ စောစောကကြက်သွန်နီ
ကိုမီးအေးအေးနဲ့ ကြော်ပါ။ ရခိုင်မုန့်တီမှာကြက်သွန်ကြော်က အချိုဓါတ်လေးနဲ့ထိမ်းပေးတတ်ပါတယ်။
စောစောက အေးလောက်ပြီဖြစ်တဲ့ ငါးကို ချေပါ။ ဆီ တီးစပွန်း ၃ ဇွန်းလောက်ကိုတည်ပြီး၊ နနွင်းထည့်ပါ။
ဆီအိုးပူလာရင် ငါးကိုထည့်ပါ။ မီးအေးအေးလေးနဲ့မွှေပေးပါ။ အိုးမကပ်ပါစေနဲ့နော်။ ငါးဖတ်လေးတွေ
ရွှေဝါရောင်မသန်းခင် အပေါ့အငံမြည်းပြီး လိုရင်ဆားနည်းနည်းထည့်ပါ။ ငါးဖတ်လေးတွေကို ငါးမှုန့်လေး
တွေဖြစ်တဲ့အထိ မွှေနေပါ။ ငါးဖတ်လေးတွေရလောက်ပြီ ..။ ဟင်းရည်ချက်ဖို့ပဲကျန်တော့တယ်။
စောစောက ငါးပြူတ်ရည်ထဲကို ပဒဲဂေါထည့်ပြုတ်ပါ၊ မရှိရင်တော့ ကုလားဆိုင်တွေမှာ Galangal Powder ဆိုပြီး
အမှုန့်ဝယ်လို့ရပါတယ်။ တကယ့်ပဒဲဂေါထည့်နိုင်ရင် အရသာပိုကောင်းပါတယ်။ ဟင်းရည်အပေါ့အငံမြည်း
ပြီး ဆား နဲ့ ငံပြာရည်ထပ်ထည့်ပါ။ ပွက်ပွက်ဆူလာရင် ငရုပ်ကောင်းမှုန့်ထပ်ထည့်ပါ။ ဟင်းရည် အပူအစပ်
ကိုလည်းလိုသလိုပြင်ထည့်ပါ။ သိပ်ပူလာမယ်ထင်ရင် ပဒဲဂေါကိုဆယ်ထားလိုက်လို့ရပါတယ်။

ရခိုင်မုန့်တီ စာသုံးလို့ရပါပြီ။ စားမယ်ပန်းကန်ထဲကို မုန့်ဖတ်တယောက်စာထည့်၊ အပေါ်ကနေ ငါးမှုန့် ၂စွန်း
ငရုပ်သီးရည် ၁ဇွန်း၊ အချဉ်ကြိုက်တတ်ရင် မကျည်းသီးရည်ထည့်ပါ၊ ရခိုင်မုန့်တီဟင်းရည်လောင်းထည့်၊ ဒါမှ
မပူသေးဘူးလား.. ကဲလာထား ငရုပ်ကောင်းမှုန့်ထပ်ထည့်။အစပ်ဒီဂရီတွေကတော့ မိမိတို့ကြိုက်သလိုပြုပြင်စားသုံးလို့ရပါတယ်။ကြက်သွန်နီကြော်လေးထပ်ထည့်လိုက်ပါအုန်း၊
ဒါတင်မဟုတ်သေးဘူး၊ ကြိုက်တတ်ရင် နံနံပင်လေးအုပ်ပြီးစားပါနော်။
အရသာပိုကောင်းအောင်တချို့က ငါးဖယ်ကြော်လေးညှပ်စားတတ်ကြသေးတယ်။
တခါတလေ ဟင်းရည်မထည့်ဘဲ ငံပြာရည်လေးထည့်ပြီးအထက်ကနည်းအတိုင်းပဲ သုပ်စားလို့ရပါသေးတယ်။

အားလုံးအသင့်ဖြစ်ပြီမို့...
အရသာ ပူပူစပ်စပ်နဲ့စားလို့ကောင်းတဲ့ အာပူလျှာပူ ကိုဆောင်းတွင်းရာသီဥတုချမ်းချမ်းအေးအေးမှာ သုံးဆောင်နိုင်ပါပြီရှင်။


2 comments:

ကေကေ said...

ရခိုင်မုန့်တီချက်နည်းမှားနေပါတယ်ဗျို့..
မုန့်တီဟင်းရည်ချက်တာမှာငံပြာရည်နဲ့မချက်ပါဘူး
ငပိကိုကြိုလိုက်ပါတယ်..ပြီးမှငပိအနည်ကိုဖယ်ပြီး
အကြည်ရည်ကိုဟင်းရည်ထဲထည့်ချက်တာပါ..
ဒီBlog ကိုအခုမှရောက်ဖူးတာပါ..တို့ဝေဖန်တာ
ကိုစိတ်မဆိုးပါနဲ့..

Shinmin said...

ဟုတ်ကဲ့ အစ်မ၊ နောက်တခါ ချက်ရင်အစ်မပြောသလို
ချက်လိုက်ပါ့မယ်။ အမှားကိုပြင်ပေးတာ ကျေးဇူးတင်
ပါတယ်နော်..