ပဲနဲ့ဟင်းနုနွယ်


ပဲနဲ့ဟင်းနုနွယ်

ဟင်းမချက်တာကြာလို့၊ တလောကချက်ပြီးမတင်ဖြစ်တဲ့ဟင်းလေး နွေး ပြီးရေးလိုက်အုန်းမှနော်။
တခါတလေ အသားဟင်း မစားချင် ရင် ဒါမှမဟုတ် သတ်သက်လွတ် စားတတ်သူတွေအတွက်
လွယ်လဲလွယ်ပြီး အသားဓါတ်လေးပါတယ်။ အရေသောက် အဖြစ်ထမင်းစားမိန်တဲ့
ဟင်းလေးတခွက်ပေါ့။
ပါဝင်တဲ့အရာများကတော့
ပဲနီလေး
ကြက်သွန်နီ
ကြက်သွန်ဖြူ
ငရုပ်သီးခြောက်တောင့်
ဟင်းနုနွယ်
ဆား

အရင်ဆုံး ပဲနီလေးရေစိမ်ထားပါတယ်၊ ခဏစိမ်ပြီးတာနဲ့ ပဲနီလေး ကိုပြုတ်ပါတယ်။
ဟင်းအိုး ဆူကျတတ်လို့အိုးထဲကို ယောက်မ လေးထည့်ထားနော်။ မီးလဲသိပ်မပြင်းစေနဲ့ပေါ့။
ဟင်းအိုးတည်နေတုန်းလေး ကြက်သွန်နီ၊ ကြက်သွန်ဖြူ လှီးထားပါ။ ဟင်းနုနွယ်ကို သဲ၊ ဂဲ မပါ
အောင် သေသေချာချာ ဆေးကြောရပါမယ်။ ပဲပြုတ်ထားရင် အိုးကိုမကြာမကြာ ကြည့်ပေးနော်။
ပဲလေးတွေ ကြည်လာရင် ကျက်နေလောက်ပြီ၊ တဘက်မှာ ဆီအိုးတည်ရင်း ကြက်သွန်ဖြူ၊ နီ
ကိုဆီသပ်ရပါမယ်။ အနံ့မွှေးပြီး ရွှေဝါရောင်သန်းလာရင်ငရုပ်သီးအခြောက်တောင့်နဲ့ ဟင်းနုနွယ်
ထည့်လိုက်ပါ။ ဟင်းနုနွယ်ကိုကျော်ပြီး ၁ မိနစ်ကျော်လောက်ကြာရင်၊ ဟင်းအိုးထဲကို ထည့်လိုက်ပါနော်။
ဆားလေးနည်းနည်းထည့်ပြီး၊ ဟင်းအိုးပွက်တဲ့ အထိထားပါနော်၊ ခဏနေရင် ဟင်းအိုးအပေါ့အငံ
မြည်းပြီး အိုးချလို့ရပါပြီ။

ပဲဟင်း နဲ့ ဟင်းနုနွယ် တကယ့် မူရင်းက ကုလားဟင်းဖြစ်တာကြောင့် တချို့က Indian Spice တွေ
ထည့်ချက်လို့လဲဖြစ်ပါတယ်။ ပဲဟင်း အရသာ နဲ့ လိုက်ဖက်တဲ့ချိုစိမ့်နေတဲ့ ဟင်းနုနွယ် ကိုထမင်း
ပူပူလေးနဲ့စားသုံးနိုင်ပါတယ်။ အရေသောက်လည်းဖြစ်၊ အသားဓါတ်လဲရ၊ အရွက်လဲပါတာမို့
လွယ်ကူပြီး အဆင်ပြေတဲ့ဟင်းချိုတခွက်ပါ။ ဒီပဲဟင်းလေးကို သရက်သီးသနပ်၊ ပါပလာကြော်၊
ငရုပ်သီးကြော် စတဲ့ အမြည်များနဲ့ တွဲဖက်စားသုံးရင် လိုက်ဖက်ပါတယ်။



2 comments:

Chan Mya Soe said...

ချက်စားကြည့်ဦးမယ် ကျေးဇူးဗျာ :)

ဘု said...

goodတယ်