ကြက်ဆီထမင်း



ဒီတပတ်တော့ အိမ်ကိုတခါတလေများမှ ရောက်လာတတ်တဲ့ ပိုးတီမ ကို
ထမင်းစားဖိတ်ထားပါတယ်။ သူက ပွင့်ပွင့်လင်းလင်း ပြောတတ်သူပီပီ
ဟဲ့ နင်ထမင်းချက်ကျွေးမယ်ဆို ငါစားချင်တာကျွေးနော်။ ဒါမှ နို့မိုဆို
ငါမစားချင်တာဆို အားနာပါးနာမစားချင်ဘူးတဲ့။ ဒီကလဲ သိပ်မချက်ချင်
ရှာတော့
အေး အေး နင်စားချင်တာပြော ငါ ရှယ် ရှယ်... ချက်ကျွေးမယ်။

မဆိုင်းမတွ ပင် ပိုးတီမက ဖြေသည်။
ပြီးရော ငါကြက်ဆီထမင်းစားချင်တယ်။

စိတ်ထဲမှာ တမိပါတယ် ဘုရားရေ...

အတန်ငယ်စဉ်းစားပြီးမှ အေး ဟုတလုံးတည်းပြောမိသည်။

ပိုးတီမက အားမလိုအားမရအသံနဲ့ ဟဲ့ နင်ချက်ကျွေးမယ်ဆိုလို့ ငါလဲပြော
တာလေ။ ဒီနိုင်ငံမှာ ကြက်ထက်ပေါတဲ့ အသား ရှိသေးလို့လား။
မယ်ကပ်စီး လို့ လှမ်းစလေသည်။

အရင်တခါ အတတ်စမ်းရငိး ကြက်ဆီထမင်း ချက်ပြီး ပျက်သွားတာ
များ ပိုးတီမ သိရင် ၊ ကျွန်မလက်ရာ ကြက်ဆီထမင်းကို စားချင်
ပါတော့မလား စဉ်းစားနေမိသည်။


ဘာပဲဖြစ်ဖြစ် အားတင်းရင်းး
အေး ပါ ၊ မဟုတ်ပါဘူးဟ လိုတာတွေ ၀ယ်ရအောင် ငါ စိတ်ထဲ စဉ်းစား
နေလို့ပါ မိန်းမရဲ့။

အင်း ဒါဆိုလဲ ပြီးရော ငါတော့ မနက်ကတည်းက ဘာမှမစားဘဲ
နင့်ဆီလာမှ အသားကုန် အ၀အပြဲစားတော့မယ် မိန်းမရေ ဒါပဲဟ
ဟုဆိုတာ ဖုန်းချသွားလေသည်။

ဒီကတော့ ကြက်ဆီထမင်းအတွေးလေးတွေနဲ့ ကျန်ခဲ့သည်ပေါ့လေ။

ဒါနဲ့ ပဲ မမလုလု ဘလော့ မွှေရ၊ တခြား ကြက်ဆီထမင်း ချက်နည်းတွေ
ရှာရ ဖတ်ရနဲ့ ခေါင်းနပန်းကြီးနေလေတော့သည်။

အင်းလေ ကြိုးစားတော့လုပ်ကြည့်ဦးမှ ဟု ကိုယ့်ကိုကိုယ်အားပေးကာ စမ်း
ချက်လေတော့သည်။

ဒီတခေါက်တော့ ဖတ်ထားမိသမျှလေးတွေနဲ့ အားလုံးပေါင်းပြီး အဆင်ပြေ
အောင် ချက်လိုက်တော့....


ကြက်သားအတွက်

ကြက်သား
ကြက်သွန်ဖြူ
ချင်း
ကြက်သွန်နီ
ပဲငံပြာရည် အကြည်၊ အနောက်
Chinese Five Spices
ပျားရည်
ဆား
သကြား


ကြက်သားကိုအရေခွံ ဆုတ်ထားပြီး အနေတော်အတုံးကလေးတွေ
တုံးရင်း အထက်က အဆာပလာတွေနဲ့ ၂နာရီခန့် နယ်ထားလိုက်ပါတယ်။

ကြက်သားနယ်ထားတာတွေကို ဆီပူပူမှာ ၅မိနစ်ခန့်ကြော်ပါတယ်။
ကြော်ပြီးသား ကြက်သားတွေကို Oven ထဲမှာ အပူငွေ့ မီးမပြင်းလွန်း
မနိမ့်လွန်း ကင်ပါတယ်။ ကြက်သား တင်းပြီးကျက်လာတဲ့ အထိ ကင်ပေးပါ။
ကြက်ဆီထမင်းအတွက် ကြက်သားကင်ရပါပြီ။ (တချို့ ကြက်ဆီထမင်း
တွေမှာတော့ ကြက်သားအပြုတ်၊ အပေါင်း အနေနဲ့လဲ စားသုံးကြပါတယ်။)
ရှင်မင်းကတော့ ကြက်သားအကင်အရသာ ပိုနှစ်သက်မိလို့ပါ။

ကက်ဆီထမင်းအတွက် လိုအပ်တာတွေကတော့

ဆန်
နှမ်းဆီ
ကြက်သွန်ဖြူ၊နီ၊ ချင်း ကြိတ်ထား
ကြက်အရေခွံ
ကြက်သားအမှုန့်
ဆီ
ဆား တို့ပါပဲ


ထမင်းကို ရေနဲ့ သုံးခါလောက်ဆေးပြီးထားထားပါတယ်။
လိုအပ်တဲ့ ကြက်ဆီရဖို့ ဒယ်အိုး နဲ့ ဆီပူပူမှာ အရေခွံတွေကို
ကြော်ပါတယ်။ လိုအပ်တဲ့ ကြက်ဆီတွေထွက်လာရင် အရေ
ခွံတွေဖယ်ထားပါ။ ကြက်သွန်ဖြူ ၊ နီ နဲ့ ချင်းထောင်းထားတာ
ကိုအရင်ဆီသတ်ပါမယ်။ တခါတည်း ကြက်သားအမှုန့် တီး
စပွန်း နဲ့ တဇွန်း ၊ နှမ်းဆီ တီးစပွန်း တဇွန်းကိုပါ ထည့်ပါတယ်။
ဆားအနည်းငယ် ထည့်ရင်းရေစစ်ထားတဲ့ ထမင်းကို ထည့်ပြီး
ကြော်ပါတယ်။ ငါးမိနစ်လောက် အကြာမှာ တော့ ကြော်ထား
တဲ့ ထမင်းတွေကို ထမင်းပေါင်းအိုးထဲထည့် ရေအနည်းငယ်
ထည့်ပြီး တည်ထားလိုက်ပါတယ်။ ခလုတ်အသံမြည်ပြီး ကျက်ပြီ
ဆိုလျှင် မြည်းကြည့်ပါ။ ထမင်းစေ့မာနေသေးလျှင် ရေနည်းနည်း
စီထည့်ရင်း ထပ်နှပ်ပေးပါ။ ကြက်ဆီထမင်းကျက်ပါပြီ။

အချဉ်ရည်

အချဉ်ရည်အတွက်ကတော့ ပဲငံပြာရည်ထဲကို ငရုပ်သီး အနီ
တောင့်လေးတွေ ညှပ်ထည့်ပါတယ်။ ငရုပ်ဆီရည်အတွက်ကတော့
ငရုတ်ဆီ ပုလင်း ထဲက အဆီကို ပဲ သံပုရာသီး တခြမ်းလောက်
ညှစ်လိုက်ပါတယ်။ အချဉ် ၂ မျိုး ရပါပြီ။



စားဖို့ အချိန်တန်တော့ ဘုရား တနေရင်း ၊ ပိုးတီမ မျက်နှာ ကို
စိုက်ကြည့်နေမိပါတယ်။ ပထမတလုပ် စားနေရင်း ပိုးတီမက
လှမ်းကြည့်ကာ
ဟဲ့ ငါ သိပ်လှနေလို့လား နင့်မှာမစားနိုင်မသောက်နိုင်လှမ်း
ကြည့်နေတာလား

အောင်မာ နင့်ရုပ်ကြမ်းကြီးကိုများ

ပိုးတီမ က ရှုံမဲ့ ကာ ၀ါးရင်း ၊ နင့် ကြက်ဆီထမင်းကလဲ...

ဟဲ့ မကောင်းဘူးလား... ကျွန်မမျက်လုံးပြူးကားမေးမိသည်။

ပိုးတီမ က အသံကျယ် ကြီးဖြင့် တဟားဟား အော်ရယ်ကာ

စားကောင်းတယ်ဟ လို့ ပြောမလို့ပါ။ ကောင်းတယ်ဟ တကယ်
ဟု ကြားရတော့မှ ကျွန်မသက်ပြင်းချနိုင်ပါသည်။

လူဇိုးမကြီး ငါ့ ကို နှလုံးရောဂါရအောင်လုပ်တယ်။


ဘာပဲပြောပြော ဒီတခေါက်တော့ နင့် ကို ကျွေးချင်စိတ်နဲ့ ချက်တာ
အောင်မြင်သွားတယ်ဟ မဆိုးဘူး လွယ်တယ်။

အေး လွယ်ရင် ငါ့ကိုချက်နည်းလေး ပြောဦးနော်...။

အေးပါ ဟ အရင်ဆုံး ကြက်သားကို.....

.
.
.
.


မီးဖိုချောင်ထဲတွင် ကျွန်မတို့နှစ်ယောက်၏ စကားသ၊ံ အငြင်းပွားသံ
နှင့် ရယ်သံ များဆူညံနေပါတော့သည်။

1 comments:

May Myanmar said...

ဟီးဟီး။။...ကြက်ကဘင်ဂလားကလာတယ်ထင်ပါ့...
မဲတူးနေတာ..အရသာကတော့ကောင်းမှာပါ..တစ်ခါတစ်
လေတူးတဲ့ဟာပိုမွှေးတယ်...