Bibimbap ကိုးရီးယားထမင်းသုပ်

ပုံမှန်မရေးဖြစ်တဲ့အတွက် ဘလော့ဂ် လာလည်ကြတဲ့ သူငယ်ချင်းများ၊ မောင်နှမ
များကို ကြိုတင်တောင်းပန် ချင်ပါတယ်။ အားလုံးကိုလာလည်ကြတဲ့အတွက်ရော
နားလည်ပေးတဲ့အတွက်ပါ ကျေးဇူးပါလို့။

ဒီတခါမှာတော့ သူငယ်ချင်းတွေကို ကိုးရီးယားထမင်းသုပ် (သို့မဟုတ်) Bibimbap
(Mixed rice with vegetables) လုပ်နည်းလေးပြောပြချင်ပါတယ်။ ပါဝင်တဲ့အရာ
အပြည့်အစုံ ရှာမရခဲ့ပေမယ့် အတတ်နိုင်ဆုံး အနီးစပ်ဆုံးတူအောင် ကြိုးစားထားပါ
တယ်။ အားပေးကြပါဦးနော်။

ဒီထမင်းသုပ် လေးကို စပြီး စားချင်သွားမိတာက ကိုးရီးယားဇာတ်လမ်းတွဲ Full House
မှာပါ။ မင်းသမီးလေး Song Hye Kyo (အွန်စော) အားရပါးရ စားပြတာ မှတ်မိကြမယ်ထင်
ပါတယ်။ နောက်ပိုင်း Rain လဲ မနေနိုင်ပဲ လိုက်စားပါလေရော။ စကားစမိတာနဲ့ ကိုးရီးယား
ဇာတ်လမ်းတွေ ရောက်ကုန်တော့မယ်။ ဟင်းချက်တဲ့ဆီ ပြန်သွားကြရအောင်ပါနော်။

အရင်ဆုံး Bibimbap အတွက် စုဆောင်းရမယ့် အရာများကတော့

ထမင်း
ပဲတီပင်ပေါက်
ဟင်းနုနွယ်ရွက်
ဘူးသီးအငယ်စား (သို့) zucchinis
မှိုခြောက် (Shiitake Mushroom)
မုန်လာဥနီ (ခါကြက်ဥ)
ကြက်ဥကြော်
ပဲငံပြာရည်အကြည်
ကိုးရီးယား ငရုပ်ဆီ (Hot pepper paste)
ကြက်သွန်ဖြူ
နှမ်း
နှမ်းဆီ
ဆီ တို့ပါပဲ။

အသားပါမှ စားတတ်ရင်တော့ အမဲသားကြိတ်ထားတာ ပါ အဆင်သင့်လုပ်ထားနိုင်ပါတယ်။
ရှင်မင်း ရှာမတွေ့တဲ့ အမယ်တမျိုးကတော့ Kosari ဖြစ်ပါတယ်။ အဆင်မပြေတာနဲ့ မထည့်
ဖြစ်လိုက်ပါဘူး။

ကိုးရီးယားထမင်းသုပ်အတွက် စတင်ပြင်ဆင်ပါပြီ။

ထမင်းကို သပ်သပ်ချက်ထားလိုက်ပါတယ်။ ထည့်မယ့် အမယ် များတာမို့ မိမိနှစ်သက်ရာ
ဗန်း ဒါမှမဟုတ် ပန်းကန် စတာတွေ အသင့်ပြင်ထားပါတယ်။

ပဲတီပင်ပေါက်(အကြီးစား) - ပဲတီပင်ပေါက် ကို ရေများများနဲ့ ဆေးပါတယ်။ ပြီးလျှင်
ရေပူပူမှာ ဆားအနည်းငယ် ထည့်ပြီး ၆မိနစ်ခန့်ပြုတ်ပါတယ်။ ပြုတ်ထားတဲ့ရေတွေ ကိုသွန်ပြီး
ကြက်သွန်ဖြူတဥ ကြိတ်ထားတာရယ်၊ ဆား နဲ့ နှမ်းဆီ အနည်းငယ်တို့ကိုပါ ရောထည့်ပြီး
ပန်းကန်ထဲမှာ ပုံထားလိုက်ပါတယ်။ (ပဲတီပင်ပေါက် အပင်သေးပါက အချိန်နည်းနည်း
လျော့ပြုတ်ရပါတယ်။)

ဟင်းနုနွယ်ရွက် - ဟင်းနုနွယ်ရွက် ကိုလဲ သဲ ၊ ဂဲ စင်အောင်ဆေးပါတယ်။ ရေ ပူပူမှာ ကျက်
သွားတဲ့အထိ ပြုတ်ပါတယ်။ ပြီးလျှင် ရေစစ် ပြီး၊ ဆား၊ ပဲငံပြာရည်အကြည်၊ နှမ်းဆီ နှင့်
ကြက်သွန်ဖြူ တဥ ကြိတ်ထားတာတို့ကိုပါ ရောနယ်ပေးပါတယ်။ ပြီးလျှင်ပန်းကန်ထဲမှာ
ပုံလိုက်ပါ။

zucchinis ၂လုံးခန့် သို့မဟုတ် ဘူးသီးအသေးစားတို့ကို သုံးနိုင်ပါတယ်။ zucchinis
မှာ သခွားသီးအရွယ်ခန့် ရှိပြီး သခွားသီးနဲ့လဲ ဆင်ပါတယ်။ သူ့ကိုတော့ အချပ်လိုက်
အ၀ိုင်းလှီးပြီး၊ အချောင်းလေးများ အဖြစ် ပါးပါး ပြန်လှီးရပါတယ်။ ပြီးလျှင်ဆား
အနည်းငယ်ထည့်ပြီးဒယ်အိုးထဲမှာ လှိမ့်ပေးပါတယ်။ ပြီးလျှင် ပန်းကန်ထဲသို့  ထည့်လိုက်ပါ။

ရေစိမ်ထားသော Shitake Mushroom  ကို မထူမပါးလေးလှီးထားပြီး၊ ဆီ အနည်းငယ်၊
ပဲငံပြာရည် ၂စွန်း၊ သကြား ၁စွန်းခန့် ရောပြီး မီးအေးအေးမှာလှိမ့်ပေးပါတယ်။ ကျက်လျှင်
နှမ်းဆီ အနည်းငယ် ထည့်ပြီး ပန်းကန်ထဲသို့ထည့်လိုက်ပါ။

အသားထည့်လိုပါက ကြိတ်ထားသော အမဲသား သို့ ၀က်သားကို ကြက်သွန်ဖြူ ၂ဥခန့်
ထောင်းတာရယ်၊ ပဲငံပြာရည် ၂စွန်း၊ သကြား ၂စွန်းခန့် ၊ ငရုတ်ကောင်းမှုန့် မိမိလိုသလောက်
ကိုထည့်ပြီး ကြော်ပေးနိုင်ပါတယ်။ ပြီးလျှင် နှမ်းဆီ ဖြူးလိုက်ပါ။

မုန်လာဥနီ (သို့) ခါကြက်ဥ ကို လက်၂ဆစ် အရှည်ခန့် ၊ မီးခြစ်ဆံ လုံးခန့် အရွယ် အချောင်း
လေးများ လှီးပါတယ်။ ပြီးလျှင် ဆီအနည်းငယ်နှင့် ဒယ်အိုး ထဲမှာ မီးအနေတော်နဲ့ လှိမ့်
ပေးပါတယ်။

ကြက်ဥကို အနှစ် ဘက် သို့ ကျက်အောင်မကြော် ဘဲ ကြော်ထားပါတယ်။ လူတဦးလျှင် တလုံး
ကျ ကြော် ပြီးအသင့်ပြင်ထားပါတယ်။

စားဖို့အသင့်ဖြစ်လျှင် ၊ စားမယ့် ပန်းကန်လုံးကြီးကြီးထဲ မှာ ထမင်းပုံပါတယ်။ အဆာများ မိမိ
လိုအပ်သလိုထည့်နိုင်ပါတယ်။ ကြက်ဥကြော်ထည့်ပါတယ်။ နှမ်းဆီ ၁ဇွန်း ခန့်၊ ကိုးရီးယန်း
ငရုတ်ဆီ ၂ဇွန်းခန့်ထည့်ပါတယ်။  အဆာများ သမ သွားအောင် ရောနယ်ပါတယ်။ အားလုံး
နယ်ပြီးလျှင် ဆားပေါ့ပါက ပဲငံပြာရည်၊ အစပ်ပေါ့ ပါက ငရုတ်ဆီ (သို့) ငရုတ်ကောင်းထည့်
ပြီး သုံးဆောင်နိုင်ပါတယ်။

အစပ်များများ မစားနိုင်သူများကတော့ ငရုတ်ဆီ အစား ကြက်သွန်မြိတ် ခပ်ပါးပါးလေးလှီးပြီး
ပဲငံပြာရည် ၄ ဇွန်း၊ သကြား ၂ဇွန်း၊ နှမ်း ၂ဇွန်း နှင့် နှမ်းဆီ အနည်းငယ်ထည့်ကာ ငရုတ်ဆီ
အစား ထည့်စားနိင်ပါတယ်။

အရသာ ရှိပြီး ၊ ကျန်းမာရေးနဲ့ ညီညွတ်လှတဲ့ ကိုးရီးယန်းထမင်းသုပ် ရပါပြီနော်။




မနယ်ရသေးမှီ :P
နယ်ပြီး ၊ စားဖို့ ၀ါးဖို့ အဆင့်သင့်ပါရှင်.. :)
Happy Mixing! 

4 comments:

subuueain said...

စားချင်စရာလေးနော်မရှင်မင်း။ အမယ်စုံရှာဖြစ်ရင်တော့ လုပ်စားကြည့်ဦးမယ်။

စူးနွယ်လေး said...

ကောင်းမယ့်ပုံပဲ

မိုးကောင်းသူ said...

ထမင်းသုပ် လာစားပါတယ်။ နည်းတော့ သိသွားပြီ။ စားချင်နေတာ ကြာပေါ့ မလုပ်တတ်လို့။

ထောပတ်သီး said...

ကြိုက်တယ် ကိုရီးယားထမင်းသုတ် နည်းဖော်ပြပေးလို့ကျေးဇူးတင်ပါတယ် လုပ်စားချင်သော်လည်း အိမ်ကချက်ဖို့အဆင်မပြေတဲ့ဘ၀မို့ လစာထုတ်ရက်ကြရင် ဆိုင်မှာပဲသွားဝယ်စားတော့မယ်