မြန်မာကျူးပစ် ဟင်းချက်နည်းများ

မြန်မာကျူးပစ် ဟင်းချက်နည်းများ

မြန်မာကျူးပစ်ဖိုရမ်မှ မမ်ဘာများ၏ ဟင်းချက်နည်း ပိုစ့်များကို စုပေါင်းပြုစုထားသော ဟင်းချက်
နည်း စာအုပ်ကလေးပါ။ နိုင်ငံခြားရောက် မြန်မာညီအစ်ကို မောင်နှမတွေအတွက် အသုံးတည့်လိမ့်
မယ်လို့မျှော်လင့်ပါတယ်။

ဒီစာအုပ်လေးကို စီစဉ်ထုတ်ဝေသူ ကိုဒုတ်ခ ၊ ရှင်မင်း ရဲ့ ဘလော့ မှာ ပြန်လည်ဖော်ပြခွင့်ပေးတဲ့
မြန်မာကျူးပစ်ဖိုရမ် ၊ ဟင်းချက်နည်းများ ကို ဝေမျှကြသော မြန်မာကျုးပစ်မမ်ဘာများ အားလုံး
ကိုအထူးကျေးဇူးတင်ရှိပါကြောင်း။
ဒေါင်းလုပ်ရယူလိုပါက ဒီမှာ ယူပါ။


Read this doc on Scribd: CupidCookbook

မီးဖိုချောင် မှတ်ဖွယ်မှတ်ရာ (၂)




မီးဖိုချောင် မှတ်ဖွယ်မှတ်ရာ (၂)

၁။ ရှင်မင်း တို့ မီးဖိုချောင်က ဘေစင်တွေမှာ မကြာခဏဆိုသလို ရေမှာပါတဲ့ ထုံးဓါတ်ကြောင့် အဖြူဖြူလေးတွေကွက်နေတတ်ပါတယ်။
ဒီအတွက် အိမ်တွင်းမီးဖိုချောင် သုံး ဟင်းချက်စရာ ထဲက ရှာလကာရည် ကိုအသုံးပြုပြီး စင်ကြယ်အောင် တိုက်ချွတ်နိုင်ပါတယ်။
ဘေစင် ကို ရှာလကာရည် နဲ့ ဖြန်းထားရပါမယ်။ ၁နာရီလောက်အကြာမှာ မီးဖိုချောင်သုံး အ၀တ်ပိတ်စဖြင့် ဆေးကြောချနိုင်ပါတယ်။
အဲဒီအခါ အသစ်အတိုင်း သန့်စင်တောက်ပနေတဲ့ ဘေစင်လေးကိုတွေ့ရပါမယ်။
ဒီလိုအမြဲ ဖြစ်စေချင်ရင် ပန်းကန်ဆေးပြီးတိုင်း ဘေစင်သုံးပြီးတိုင်း အ၀တ်စတခုနဲ့ ရေတွေကိုစင်အောင်သုတ်ချခြင်းဖြင့် သန့်သန့်ရှင်း
ရှင်းဖြစ်အောင် ထားနိုင်ကြပါပြီ။

၂။ စတီးဇွန်း၊ စတီးပန်းကန်၊ စတီး အိုး စတဲ့ မီးဖိုချောင်သုံး အိုးခွက်များကို သံလွင်ဆီ (Olive Oil) နဲ သုတ်ပေးချင်းဖြင့် အရောင်တက်လာတဲ့
အပြင်၊ အရာ အစွန်းအထင်းတွေကိုပါ ဖုံးလွှမ်းပေးနိုင်ပါတယ်။ သံလွင်ဆီ မရှိလျှင် Baby Oil ကိုလဲ သုံးနိုင်ပါတယ်။

၃။ မှန်လေးတွေကြည်နေစေချင်ပါသလား၊ သတင်းစာရယ် ၊ ရှာလကာရည် ရယ် ရှိရင် မှန်ကို ကြည်ကြည်လင်လင်လေးဖြစ်အောင်တိုက်နိုင်ပါပြီ။
သတင်းစာကို ရေ နဲ့ ရှာလကာရည် အဖြူနဲ့ ဆွတ်ပြီး မှန်ကိုတိုက်ပါ။ တခဏအတွင်း မှန်လေးသန့်ရှင်းသွားပါလိမ့်မယ်။

၎။ မီးဖိုချောင်တော့မဟုတ်ပါဘူး၊ ရေချိုးခန်းထဲက ရေချိုးကန်လန့်ကာလေးတွေအောက်နားမှာ မှိုတက်ခြင်း၊ ဂျေးတက်ခြင်းတွေကို ကာကွယ်ချင်ရင်
baby oil ကိုသာသုတ်ထားလိုက်ပါ။ အရောင်လွှင်ပြယ်တာကိုကာကွယ်တဲ့ အပြင် ၊မှိုတက်ခြင်းများကိုပါ ကာကွယ်ပေးပါလိမ့်မယ်။

မှတ်ဖွယ်မှတ်ရာ တခန်းပြီးပါပြီ။ အသုံးတည့်ကြမယ်လို့ မျှော်လင့်ပါတယ်။

မုန့်လုံးရေပေါ်



သင်္ကြန်တွင်း မုန့်လုပ်စားတဲ့ ထဲမှာ သင်္ကြန်ဆိုရင် သူမပါမဖြစ်တဲ့ မုန့်လုံးရေပေါ် ကိုတာဝန်ကျပါတယ်။
လုံးမယ်သာပြောရတာ မလုံးဖြစ်တာ ကြာပေါ့။ အရင် တနှစ်ကလုံးတာတော့ ဆန်မုန့်မကောင်းလို့လားမသိ
ဆန်စိမ်းစော်တွေနံလို့။ ထန်းလျက်ကလဲ လွယ်လွယ်ကူကူရှိတာမဟုတ်တော့ တကယ်စိတ်ညစ်ရပါတယ်။
ဒါပေမဲ့ ဒီတခါတော့ ဖြစ်တယ်။ ထန်းလျက်လေး ရှိနေတာရယ်ကြောင့် အဆင်ပြေလှပါတယ်။
လိုအပ်တာတွေကတော့ ဆန်မှုန့် (အချော) ဆန်ကြမ်းမှုန့် မဟုတ်ပါဘူး။ ပြီးတော့ ကောက်ညှင်းမှုန့်၊
ထန်းလျက်( မရနိုင်ရင် ကြံသကာ)၊ ပြီးတော့ အုန်းသီးတလုံး နဲ့ အုန်းခြစ်တို့ပါပဲ။

အရင်ဆုံး ဆန်မှုန့် နဲ့ ကောက်ညှင်းမှုန့် တို့ကို ရောပါတယ်။ အချိုးကတော့ ဆန်မှုန့် တဆ၊ ကောက်ညှင်း
မှုန့် ၁ဆခွဲပါ။ ရေကျက်အေး အနည်းငယ်ထည့်ပြီးစနယ်ပါတယ်။ မနယ်ခင်လက်ကိုသေချာဆေးပြီး
အ၀တ်သန့်သန်ဖြင့်သုပ်ပါ။ ရေထည့်လိုက်နယ်လိုက်လုပ်ရင် မုန့်နှစ်ရလောက်ထိကပ်လာအောင်နယ်
ရပါမယ်။ ရေများသွားရင် မကောင်းတာမို့ ရေကိုချိန်ဆပြီးထည့်ပေးစေချင်ပါတယ်။ မုန့်နှစ်ရမရ စမ်းချင်ရင်
တော့ မုန်လုံးရေပေါ်အသေးစားလေးလုံးပြီး ဆူနေတဲ့ ရေတည်ထားတဲ့ အိုးထဲထည့်ပါ။ ပေါ်လာတဲ့ အခါ
ဆယ်ပြီးမြည်းကြည့်နိုင်ပါတယ်။ အရမ်းပျော့လွန်းရင် ဆန်မှုန့် ထပ်ထည့်နိုင်ပြီး၊ မုန့် မာလွန်းရင်တော့
ကောက်ညှင်းမှုန့်ထည့်ပေးပါ။ မုန့်လုံးရေပေါ်လုံးတဲ့ အခါ သူငယ်ချင်းအပေါင်းအသင်းတွေ ၀ိုင်းဖွဲ့လုံးရတာ
ပို ပျော်စရာကောင်းလှပါတယ်။ ထန်းလျက်ခဲလေးတွေကို အစိပ်လေးတွေအဖြစ်လှီးထားရပါမယ်။
ကျီစားချင်သူပျိုဖြူများကတော့ ကာလသားတွေကို ငရုပ်သီးစိမ်းထည့်လုံးရင်း အကဲစမ်းတပ်ကြပါသေးတယ်။
မုန့်လုံးရေပေါ်လုံးနေစဉ်မှာပဲ ရေကို ကျွက်ကျွက်ဆူအောင်တည်ထားပြီး ၊ အဆက်မပြတ် အိုးထဲကို
ထည့်ပေးသူကထည့်၊ ပေါ်လာတဲ့ မုန့်လုံးလေးတွေကို ဆယ်သူကဆယ်နဲ့ ပျော်စရာကောင်းပါတယ်။
မုန့်လုံးလေးတွေရေပေါ် ပေါ်လာပြီးဆယ်တဲ့ အခါ ရေအေးစိမ်ထားတဲ့ စကာလေးထဲထည့်ထားလိုက်ပါ။
ပြီးမှ စားမယ်ပန်းကန်ထဲ ထည့်ပြီး အုန်းသီးခြစ်ထားတာလေး ဖြူးရင်း အလှဆင်နိုင်ပါတယ်ရှင်။ လွယ်ကူ
အဆင်ပြေတဲ့ စားချင်စဖွယ် မုန့်လုံးရေပေါ် ဖြူဖြူလေးတွေ နဲ့ နှစ်သစ်ကိုကြိုဆိုလိုက်နိုင်ပါတော့တယ်။


အုန်းနို့ သာကူ



သင်္ကြန်အတွက် သူငယ်ချင်းတွေမုန့်စုစားဖြစ်ကြတယ်။
တယောက် တမျိုးစီချက်ကြရင်း ရှင်မင်းကတော့ အုန်းနို့သာကူ တာဝန်ယူရပါတယ်
ကန်စွန်းဥလေးပါရင် ပိုဆိမ့်တာမို့ ကြိုက်တတ်မယ်ဆိုရင် ကန်စွန်းဥလေး ကိုရေဆေးပြီး သေချာပြုတ်ထားလိုက်ပါနော်။
ကန်စွန်းဥလေးတွေရပြီဆိုရင် အခွံနွှာပြီး၊ သင့်တော်မယ်ထင်တဲ့ အရွယ်အစားလေးတွေဖြစ်အောင်တုံးရပါမယ်။
ရှင်မင်းကတော့ လက်တစ်ဆစ်အရွယ်အတုံးလေးတွေတုံးဖြစ်ပါတယ်။
သိပ်ပျော့ပျော့ဖြစ်မသွားအောင်ပြုတ်ပါ၊ ဘာလို့လဲဆိုတော့ သာကူ တည်ရင် ကန်စွန်းဥတွေပျော်သွာ ကြေသွားတတ်လို့ပါ။
သာကူမတည်ခင် သကြားအရည်ကြိုထားပါ။ ရေနွေးစတည်ထားပြီး သကြားရည် ပါလောင်းထည့်ပြီးတည်ပါ။
ပြီးတာနဲ့ အုန်းနို့၁ဘူး ဖောက်ထည့်ပါ။ ယိုးဒယား ထုတ်တဲ့ အုန်းနို တဘူးဆို သာကူ တစ်ထုပ်စာအတွက် အဆင်ပြေပါတယ်။
မွှေပြီး ပွက်လာရင် ကန်စွန်းဥ တွေထည့်ပါတယ်။
တဆက်တည်း မီးအရှိန်နည်းနည်းလျော့ ထားပြီး သာကူထည့်လိုက်ပါ။
သာကူအစေ့လေးတွေထဲက အဖြူရောင်အဆံလေးပျောက်သွားတဲ့ အထိ ရေနည်းနည်ထည့်မွှေနေရပါမယ်။
ကပ်မသွားအောင်လဲ ဂရုစိုက်ရပါမယ်။
စိတ်ရှည်ရှည်ထားပြီး သာကူစေ့လေးတွေကြည်လာရင် အိုးကို မီးပိတ်လို့ရပါပြီ။
ကြိုက်တတ်ရင် အုန်းသီးခြစ်ထားတာလေးတွေ ဖြူးစားရင် အဆင်ပြေလွယ်ကူတဲ့ အုန်းနို့သာကူ လေး ရပါပြီ။
(ထန်းလျက်လွယ်ရင် သကြားလျော့ထည့်ပြီး ထန်းလျက်ရည်ကိုပါထည့်နိုင်ပါတယ်။)